.
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်
(KBC) ခေါင်းဆောင်
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဖမ်းဆီးခြင်းသည် ကချင်တစ်မျိုးသားလုံးကို
ရန်စ စော်ကားလိုက်ခြင်းဖြစ်သည်ဟု ကမ္ဘာ့ကချင်ကွန်ဂရက် (WKC) က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့်
ထုတ်ပြန်ကြေညာထားသည်။
.
.
အမှန်တရားဘက်မှ
မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ရပ်တည်သော ကချင်တစ်မျိုးသားလုံး၏ ရှေ့ဆောင်လမ်းပြဆရာကြီး
ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီမှ အကြောင်းပြချက်မရှိ အပြစ်မဲ့ဖမ်းဆီးခြင်းအတွက်
ကချင်တစ်မျိုးသားလုံး လွန်စွာ ဒေါသဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
စစ်ကောင်စီမှ ဖမ်းဆီးထားသော
ဒေါက်တာ ခလမ်ဆမ်ဆွမ်အား ချွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးရမည်ဖြစ်ပြီး ၎င်းအား
ဖမ်းဆီးသည့် လုပ်ရပ်သည် ပိုမိုရှုပ်ထွေးသော လူမျိုးရေးနှင့် ဘာသာရေးစစ်ပွဲသို့
ဦးတည်စေရန် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု WKC က ဆိုသည်။
.
ထို့အပြင် စစ်ကောင်စီ၏
ထောက်တိုင်အဖြစ် အစေအပါးခံ ဆောင်ရွက်နေကြသော လူ၊ အဖွဲ့အစည်းများအားလုံးကို အမြစ်ပြတ်
ချေမှုန်းကြရန်နှင့် စစ်ကောင်စီ၏ ဖိနှိပ်ချုပ်ခြယ် အနိုင်ကျင့်မှုများမှ
လွတ်မြောက်လိုသူအားလုံး တော်လှန်ရေးရဲဘော်များအား အရှိန်မြှင့် ထောက်ပံ့ကူညီ
ပါဝင်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း WKC က ထုတ်ပြန်ထားသည်။
.
ဒေါက်တာခလမ်ဆမ်ဆွန်သည်
ဒီဇင်ဘာ ၅ ရက်၊ နံနက်ပိုင်းက မန္တလေးလေဆိပ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်ပြီး
ထို့နောက် ၎င်းကို စစ်ဆေးရန် ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ထိန်းသိမ်းထားကြောင်း စစ်ကောင်စီ၏
ကချင်ပြည်နယ် နယ်လုံဝန်ကြီးက ဒီဇင်ဘာ ၆ ရက်တွင် KBC တာဝန်ရှိသူများကို အသိပေးထားသည်။
.