တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) နှင့် ဒေသခံများ၊ ကျောင်းသူကျောင်းသားများမှ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုကို တအာင်းဒေသ တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားနှင့် လှုပ်ရှားမှုကို ဒေသခံများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်များ လူ့အခွင့်အရေးအကြောင်း သိရှိနားလည်စေရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ထုတ်ဖော်တတ်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်သည်ဟု TSYU က ဆိုသည်။
.
အခမ်းအနားသို့ ကျောင်းဆရာ/မများနှင့် ကျောင်းသူ/သားများ၊ လူငယ်များ စုစုပေါင်း လူဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လူအခွင့်အရေး အကြောင်းအရာများ ပြောကြားခြင်း၊ မိုင်းအန္တရာယ် အသိပညာ ပေးခြင်းနှင့် ကျောင်းသူကျောင်းများကို ပဟေဠိမေးခွန်းများမေးမြန်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များအား ဆန့်ကျင်သည့် ကမ်ပိန်း (Campaign)များကို အခမ်းအနားတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်ကောင်စီမှ ရဟတ်ယာဉ် အသုံးပြုပြီး ကျေးရွာအတွင်း ဦးတည် တိုက်ခိုက်နေသည့်အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ က သဘောထားထုတ်ပြန်၍ နိုင်ငံတကာသို့ တောင်းဆိုမှုများ ပြုလုပ်ထားသည်။