စစ်ကောင်စီက ကျေးရွာများကို မီးရှို့၊ ဗုံးကြဲတိုက်ခိုက်ခြင်းတို့သည် လူ့အခွင့်အရေးအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်အပြင် လူ့အခွင့်အရေးအရ စစ်ရာဇဝတ်မှုများ ချိုးဖောက်ကျူးလွန်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပေးရန် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)က ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင် သဘောထား ထုတ်ပြန်သည်။
.
တိုင်းရင်းသားများ အနေဖြင့် အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် လက်တွဲညီညီဖြင့် ပူးပေါင်းပါဝင်တိုက်ခိုက်ကြရန်ကိုလည်း TPCC က တိုက်တွန်းထားသည်။
.
တအာင်းဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ဟူမန်း၊ ကုန်းသာ၊ ကန်းအလော့နှင့် မန်လုံးကျေးရွာတို့၌ ဒီဇင်ဘာလ ၇ ရက်က စတင်၍ စစ်ကောင်စီက TNLA တပ်စခန်းကို တိုက်ခိုက်ရန် ကြိုးပမ်းရာမှ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ TPCC က သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီသည် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မန်တုံနှင့် နမ့်ဆန်အခြေစိုက် တပ်ရင်းမျမှလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများကြောင့် ကုန်းသာကျေးရွာ၊ ဟူမန်းကျေးရွာ၊ ပမ်အလော့နှင့် မန်လုံးကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၂၀၀၀ ကျော်မှာ နမ့်ဆန်မြို့နှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
.
ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် ဘာသာရေး အဆောက်အဦများကို စစ်ကောင်စီက ပျက်စီးစေသည့်အပြင် မီးရှို့ဖျက်ဆီးခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း TPCC က ဆိုသည်။