.
ကရင်အမျိုးသားအစည်းအရုံး
(KNU) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကော့ရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU
က ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီ၏ ကော့ကရိတ်အခြေစိုက်
အမြောက်တပ်သည် ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က ကော့ကရိတ် မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအတွင်းသို့
၁၂၀ မမ ၄ လုံး ပစ်ခတ်ခဲ့ရာ တီးဖားတုနှင့် မောင်အေးဇော်တို့၏ နေအိမ်များ ပျက်စီးခဲ့ပြီး
မောင်အေးဇော်တွင် ဦးခေါင်းထိဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
.
အလားတူ ဒီဇင်ဘာလ ၂
ရက်တွင် စစ်ကောင်စီ၏ ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကုန်းမှ ၁၂၀ မမ ဖြင့် ပစ်ခတ် ခဲ့ရာ
ဘော်ဒိုင်းကျေးရွာအတွင်းသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၈ လုံး၊ နွား
၄ ကောင်၊ စပါးခြွေလှေ့စက် နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ယင်းနေ့
ည ၁၂ နာရီအချိန်တွင် စစ်ကောင်စီအမြောက်တပ်မှ ဖားကျကျေးရွာအတွင်းသို့ ၁၅၀ မမ ဖြင့် ပစ်ခတ်ခဲ့ရာ
မန်းတင်လှိုင်နှင့် နန်းပါကော တို့၏နေအိမ်များ ထိခိုက်ပျက်စီးပြီး
တောင်ကြာအင်းတွင် ၄ ချက် ပစ်ခတ်ရာ ပဲဆီကုန်း ရောဘာြခံအတွင်း
ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
.
အလားတူ ယင်းနေ့ည သန်းခေါင်ကျော်အချိန်တွင်
ကော့ကရိတ် ရေကျော်ကြီးအောက် တပ်သစ်စခန်းမှ ၁၀၅ မမ (ဟောင်ဝပ်စာ) လက်နက်ကြီးဖြင့်
ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ဖားကျကျေးရွာမှ ဒေါ်မြစ်မြစ်ကြည်၏ ၂ ထပ် တိုက် နေအိမ်အနောက်ခြမ်း
ထိခိုက်ပျက်စီးပြီး ထီးဝါးခို့ပိုင်း ဦးတင်လှိုင်၏ တိုက်ခံပျဉ်ထောင်အိမ်လည်း
အိမ်အနောက်ခြမ်းနှင့် အိမ်တွင်းခန်း ခေါင်မိုး၊ ထရံများပေါက်ပြဲထိခိုက်ပျက်စီးခဲ့ကြောင်း
သိရသည်။
.
ဒီဇင်ဘာလ ၃ ရက်၊ နံနက်
၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် တောင်ကြာအင်းအုပ်စု၊
ကျွန်းတော်ကျေးရွာတွင် နွားမ ၁ ကောင် သေဆုံးပြီး နွားထီး ၂ ကောင် ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကာ နေအိမ် ၂ လုံးတွင် ကျည်စ ထိမှန်မှုကြောင့် ခေါင်မိုးခေါင်းရင်းနံရံများ
ပျက်စီးခဲ့သည့်အပြင် အိမ်စီးကား တစ်စီး ခေါင်မိုးနှင့် ကားနောက်ပိုင်း ကျည်စထိမှန်ခဲ့ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ
ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုကြောင့် တောင်ကြားအင်းအုပ်စုနှင့်
လောင်းကိုင်အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ကျေးရွာအတွင်း မနေရဲဘဲ
နီးစပ်ရာ ဆွေမျိုးအသိများရှိရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.