.
ကရင်အမျိုးသားအစည်းအရုံး
(KNU) အုပ်ချုပ်မှုနယ်မြေတစ်ခုလုံးတွင်
နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၉၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF
တပ်များဘက်မှ ၃၃၃ ဦး သေဆုံးကာ ၂၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU
က ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
နိုဝင်ဘာလအတွင်း KNU
အုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ
(၁)၊ သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊
တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ (၆)
ဒူးပလာယာခရိုင်တို့၌ တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မဟာ (၇) နယ်မြေ ဖားအံခရိုင်၌
တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။
.
တပ်မဟာ (၁) သထုံခရိုင်နယ်မြေတွင်
နိုဝင်ဘာလအတွင်း တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၄ ဦး သေဆုံးကာ
၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တပ်မဟာ (၂)
တောင်ငူခရိုင် နယ်မြေတွင် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅၃ ဦးသေဆုံးကာ
၁၀ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
.
တပ်မဟာ (၃) ညောင်လေးပင်ခရိုင်
နယ်မြေတွင် တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၀ ဦး သေဆုံးကာ ၂၉
ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
တပ်မဟာ (၄) နယ်မြေ
ဘိတ်ထားဝယ်ခရိုင်တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်
ဘက်မှ ၄၈ ဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
တပ်မဟာ (၅) ဖာပွန်
(မူတြော်ခရိုင်) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တိုက်ပွဲ ၁၁၆ ကြိမ်
ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၆၉ ဦး သေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
.
တပ်မဟာ (၆) ဒူးပလယာခရိုင်တွင်
တိုက်ပွဲကြီးငယ်ပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၇၉ ဦး သေဆုံးကာ
၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်၏ စစ်ကား အစီး ၂၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး KNU ဘက်မှ စစ်သည် ၃၀ ဦး ကျဆုံးကာ ၆၈ ဦး
ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
နိုဝင်ဘာလအတွင်း စစ်ကောင်စီလက်အောက်ခံ
BGF တပ်မှ တပ်သားတစ်ဦး တပ်မဟာ
(၁) နယ်မြေတွင် လက်နက် အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်းလည်း KNU က အသိပေးထားသည်။
.
ထို့အပြင် တပ်မဟာ (၆)
နယ်မြေတွင် ရဲစခန်း ၂ ခု အား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ ၄ဦးကို အရှင်ဖမ်းမိခဲ့ကာ
ဝေါ်လေ ရဲစခန်းမှ ရဲ ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်က
ဒေသခံပြည်သူလူထုများကို ပစ်မှတ်ထားပြီး ကျေးရွာများ လုပ်ငန်းခွင်များအား
လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊
မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ပြီး နေအိမ် ပျက်စီးမှုများလည်းရှိခဲ့သည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင်
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ၊
နယ်ခြားစောင့်တပ် (BGF) များသည်
စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
နေ့စဉ်ပြုလုပ်နေသည့်အတွက် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)
တို့နှင့် တိုက်ပွဲများ
နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။
.