ဘုတ်ပြင်းမြို့နယ်အတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘုတ်ပြင်းမြို့နယ်အတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

.

ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံဒေသအတွင်း ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်များက KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ အများအပြား ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများကို ပူးပေါင်းတပ်က သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

.

.

ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံဒေသရှိ စစ်ကောင်စီ၏ နယ်စပ်စခန်းကုန်းကို ဒီဇင်ဘာလ ၃ ရက်၊ နေ့လယ်ပိုင်းက KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၀၃)၊ ပြည်သူ့ကာကွယ်ရေးတပ်တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းနှင့် Flying Star Force (ဘပ ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီ၏ မြိတ်နှင့် ကော့သောင်းခရိုင်အခြေစိုက် တပ်ရင်းများသည် ဒီဇင်ဘာလ ၄ ရက်၊ နံနက်အစောပိုင်းတွင် ယင်းစခန်းသို့ လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူဝင်ရောက်လာရာ အသင့်စောင့်ကြိုနေသော ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲပစ်ခတ်တိုက်ခိုက်သဖြင့် နေရာအနှံ့အပြားတွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်များမှ ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်မှ ဒဏ်ရာရ၊ သေဆုံးသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း KNLA နှင့် ပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် တပ်ရင်း (၁) က သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats