လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ ၅ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ ၅ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား ၅ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း (၂) (KNDF-B02) က ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာ ဆေးခန်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာလ ၂၄ ရက်က KNDF ပူးပေါင်းတပ်များမှ သွား‌ရောက်ပစ်ခတ်ခဲ့ရာ တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ ပါလောင်းရွာပြင် အစပ်သို့ ပြောင်းရွှေ့တပ်ဆုတ်သွားခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲတွင် ပူးပေါင်းတပ်များမှ ထိခိုက်မှုမရှိခဲ့ဘဲ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ပါလောင်းကျေးရွာ လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့သည့် ဆူးဖဲလောကျေးရွာနေ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

.

ထို့နောက် နိုဝင်ဘာလ ၂၅ ရက်တွင် ပါလောင်းကျေးရွာပြင် အစပ်ရှိ လူနေအိမ်မျးအတွင်း နေရာပြောင်းရွှေ့ တပ်စွဲ ထားသော စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ လွိုင်ကော်အခြေစိုက် ခလရ (၂၅၀) မှ လက်နက်ကြီးပစ်ကူ ၁၅ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ပြီး ရွာအတွင်းရှိ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

.

ပါလောင်းရွာအရှေ့ဘက်ရှိ ဒေါတယို့ရွာသစ်နှင့်ရွာဟောင်းကြားတွင် ထပ်မံပြောင်းရွေ့ တပ်စွဲထားသော စစ်ကောင်စီ တပ်ကို တပ်ပေါင်းစုများက နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင်သွား​ရောက်ပစ်ခတ်ခဲ့ရာ ၁ နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNDF ပူးပေါင်းတပ်များမှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

.

ယင်းနေ့တွင်ပင် ပူးပေါင်းတပ်များက ပါလောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် နိုဝင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပြည်သူရုပ်အလောင်းကို မြှုပ်နှံပေးခဲ့ကြောင်း သိရသည်။

.

KNDF ပူးပေါင်းတပ်များသည် နိုဝင်ဘာလ ၂၇ ရက်တွင် လွိုင်ကော်မြို့နယ်၊ ဒေါ့တယို့ကျေးရွာအနီးပတ်ဝန်းကျင်၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ်ဒေ့ါတယို့ရွာသစ်နှင့် ရွာဟောင်းအကြားတွင် စစ်ကောင်စီတပ်နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး KNDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်တွင်လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။

.

အလားတူ နိုဝင်ဘာလ ၂၉ ရက်က ပါလောင်းရွာ အနောက်ဘက်တောင်ပေါ်၌ နေရာယူထားသော စစ်ကောင်စီတပ်နှင့် KNDF တပ်ပေါင်းစုတို့ ထိတွေ့ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်၏ ရိက္ခာပို့လမ်းကြောင်းပေါ် တွင်ရှိနေသော ပါလောင်းကျေးရွာနှင့် ဒေါတယို့ကျေးရွာတို့တွင် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ကျေးရွာနေပြည်သူအများအပြား​ အိုးအိမ်စွန်ခွာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း KNDF-B02 က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats