.
ကရင်နီ (ကယား) ပြည်နယ်၊
ဖရူဆိုမြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေး ကျောင်း၏
အထူးလုံခြုံရေးစခန်းဖြစ်သော မာခရော်ရှေ့စခန်းကို ဒီဇင်ဘာလ ပထမပတ်အတွင်းက ကရင်နီတပ်မတော်
(KA) နှင့် ပူးပေါင်းတပ်များက
ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KA က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင်
ထုတ်ပြန် ထားသည်။
.
.
အဆိုပါ တိုက်ခိုက်မှုအတွင်း
စစ်ကောင်စီဘက်မှ အနည်းဆုံး ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း
KA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
၎င်းစစ်လေ့ကျင့်ရေးကျောင်း
တည်ဆောက်နိုင်ရေးအတွက် မာခရော်ရှေ့၊ လောဂျာ၊ ဒေါလော့ခူ စသည့် ကျေးရွားများမှ ပြည်သူပိုင် ခြံမြေ ဧက ၂၇၀၀ ကျော်ကို ၂၀၁၀
ပြည့်နှစ်တွင် စတင်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ရေးလေ့ကျင့်ရေးကျောင်းနှင့်
ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် KNPP က ကန့်ကွက်ဆွေးနွေးခဲ့ပြီး စစ်လေ့ကျင့်ရေးကျောင်းအစား ဒေသခံများအတွက်
တက္ကသိုလ်အဖြစ် ပြောင်းလဲအသုံးပြုရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီတပ်က သဘောမတူဘဲ ယနေ့တိုင်
စစ်ရေးလေ့ကျင့်ရေးကျောင်းအဖြစ် ဆက်လက်အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း စစ်ရေးလေ့ကျင့်ရေးကျောင်းမှ
နေ့စဉ်ရက်ဆက်ဆိုသလို အမြောက်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံ အချို့ ထိခိုက်မှုများရှိပြီး
တောင်ယာလုပ်ကိုင်စားသောက်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။
.