.
စစ်ကောင်စီတပ်၏ လူမဆန်သည့်
သတ်ဖြတ်မှုများ ရပ်တန့်သွားရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီ ထောက်ခံသူများကို
ထိရောက်သည့် အရေးယူမှုများ ချမှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ
(CRPH) က ယနေ့ ဒီဇင်ဘာလ
၁၀ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်ဟု သိရသည်။
.
.
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင်
ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာချက် ထုတ်ပြန်ရာတွင် CRPH က ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။
.
ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆာင်
မင်းအောင်လှိုင်သည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဒေသတွင်း နိုင်ငံ များ၏ ရှေ့မှောက်တွင်
သဘောတူညီခဲ့သော်လည်း ယခုအခါ အာဆီယံနှင့် နိုင်ငံတကာ ခေါင်းဆောင်များ၏ တောင်းဆို ချက်များကို
လေးစားလိုက်နာမှု မရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အာဏာသိမ်း စစ်ကောင်စီသည်
ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ တရားဥပဒေဘောင်ကို ကျော်လွန်၍ တရားလက်လွတ် သတ်ဖြတ်မှုများ၊
မုဒိန်းကျင့်မှုများ၊ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းများ ပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူ
၂၅၆၅ ဦး သတ်ဖြတ်ခံခဲ့ရကာ အရပ်သားပြည်သူ ၁၆၅၄၀ ဦး နှင့်အထက် ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီသည် မကြာသေးမီက
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့်
အရပ်သားပြည်သူ ၁၄၀ ကျော်ကို သေဒဏ်ချမှတ်ထားသည့်အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင်
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကိုလည်း ကွပ်မျက်ခဲ့ပြီးဖြစ်ကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။
.
ထို့အပြင် စစ်ကောင်စီတပ်သည်
အရပ်သားပြည်သူများ နေထိုင်ရာ နေရာများသို့ လေကြောင်းမှ တိုက်ခိုက်မှု၊ နေအိမ်များကို
မီးရှို့ဖျက်ဆီးမှုများများကို လုပ်ဆောင်နေလျက်ရှိကြောင်း ဖော်ပြထားသည်။
.
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH) အနေဖြင့် တိုင်းရင်းသားလူမျိုးများနှင့်
ဒီမိုကရေစီ အား အသက်ပေးပြီး ခုခံကာကွယ်နေသူများအပေါ် အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည့်
လူမဆန်သော လုပ်ရပ် များအတွက် တရားမျှတမှုရှိရေးနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
CRPH က ထုတ်ပြန်ထားသည်။
.