.
တောင်ကြီးမြို့ရှိ
ပြည်နယ်ကျန်းမာရေးဝန်ထမ်းအိမ်ရာ (အဆုတ်ဆေးရုံဝင်း) အရှေ့ဘက်၊ ထွန်းအထွေထွေရောဂါကု ဆေးရုံအနောက်ဘက်
လမ်းကြားရှိ အမှိုက်ပုံးတွင် အမှိုက်လာရောက်သိမ်းဆည်းမှု အားနည်းနေသည့်အတွက် အနံ့ဆိုး
များ ထွက်ပေါ်နေကြောင်း သိရသည်။
.
.အဆိုပါ အမှိုက်ပုံးတွင်
ထွန်းဆေးရုံသို့ လာရောက်သူအချို့နှင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ ဝန်ထမ်းအိမ်ရာ
တိုက်ခန်းတွဲများတွင် နေထိုင်သူများမှ အမှိုက်များ လာရောက်စွန့်ပစ်နေပြီး နေ့စဉ်လိုအမှိုက်များ
ပြည့် နေသည့်အတွက် အနံ့ဆိုးများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
“အမှိုက်ပုံးမှာက အချိန်တိုင်းလိုလို
ပြည့်နေတာပါ။ ဒီနေရာမှာ အမှိုက်လာပစ်တဲ့သူလည်း များတယ်။ အချိန်ပြည့် မသိမ်းနိုင်တော့
အမှိုက်တွေက စုပုံပြီး အနံ့ဆိုးတွေ ထွက်နေတာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးကပြောသည်။
.
ယင်း အမှိုက်ပုံးအနီးတွင်
စားသောက်ဆိုင်ငယ်များ ဖွင့်လှစ်ရောင်းချနေပြီး အမှိုက်ပုံးမှ ထွက်ပေါ်နေသည့် အနံ့ဆိုးများ
ကြောင့် အစားအသောက် ဝယ်ယူစားသုံးသူများ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ကြောင်း
ဒေသခံ များက ပြောဆိုကြသည်။
.
ထို့အပြင် အမှိုက်ပုံး
အနီးတစ်ဝိုက်တွင် ထွန်းအထွေထွေရောဂါကုဆေးရုံ၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီ ရောဂါ
တိုက်ဖျက်ရေးဌာန၊ ကံဦးပရိယတ္တိစာသင်တိုက်၊ အထက (၄) ကျောင်းတို့လည်း တည်ရှိနေသည့်အတွက်
မလိုလား အပ်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန်အတွက် အမှိုက်ပုံးကို
ပုံမှန် လာရောက် သိမ်းဆည်းပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင်
အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်း ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက
ကုမ္ပဏီတစ်ခု ဖြစ်သော မွှေး တောင်ကြီး ကုမ္ပဏီက ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍
ဆောင်ရွက်နေခြင်း ဖြစ်ပြီး အမှိုက်သိမ်းယာဉ် ပုံမှန်မလာရောက်ခြင်း အပါအဝင် ကုမ္ပဏီ၏
အမှိုက်သိမ်းစနစ်နှင့် ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများလည်း ရှိနေသည်။
.