ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် ကုန်းသာရွာ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေး သွားလုပ်သည့် ရွာခံများ ဗုံး ထပ်ကြဲခံရသဖြင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် ကုန်းသာရွာ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေး သွားလုပ်သည့် ရွာခံများ ဗုံး ထပ်ကြဲခံရသဖြင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ


တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာ၌ ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီ၏ လေကြောင်းမှု ဗုံးကြဲမှုကြောင့် ပျက်စီးသွားသော ကုန်းသာရွာ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေး သွားလုပ်သော ဟူးမန်းရွာခံ အရပ်သားပြည်သူများ ဗုံး ထပ်မံ ကြဲခံရသဖြင့် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်ကစ၍ စစ်ကောင်စီနှင့် TNLA တို့၏ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်တွင် မြေပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ကုန်းသာရွာမှ တပ်ဆုတ်သွားခဲ့သည့်အတွက် ပျက်စီးနေ‌သော ရွာ ဘုန်းကြီးကျောင်းကို ဟူးမန်းရွာခံ အရပ်သား ပြည်သူအချို့က သန့်ရှင်းရေး သွားရောက် ပြုလုပ်ပေးစဥ် ဗုံးကြဲခံခဲ့ရခြင်း ဖြစ်သည်။

.

အဆိုပါ ဗုံးကြဲခံရ၍ သေဆုံးခဲ့ရသည့်သူများမှာ အသက် ၄၇ နှစ်အရွယ် ဦးလှ (ခေါ်) ကွန်နိုင်ဦးနှင့် ဦးအိုက်အောင် (ခေါ် )ကွန်သိန်းစိုး တို့ ဖြစ်‌ကြောင်း သိရသည်။

.



"သူတို့ ၄ ယောက်က ဗုံးကြဲခံရလို့ ပျက်စီးနေတဲ့ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေး သွားလုပ်ပေးနေတာ။ ပျက်စီးနေတဲ့ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေး လုပ်ပေးမယ့်သူ မရှိလို့လေ။ ဟူးမန်းကနေ သွားတာ။ ဘုန်းကြီးကျောင်းထဲကို ဗုံး ပြန်ကြဲချတော့ ဦးလှ က အဲမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ။ ဦးအိုက်အောင် ကိုတော့ ဆေးကုသဖို့ အရေးပေါ် ပို့ဆောင်သေးတယ်။ လမ်းတစ်ဝက်မှာဘဲ သေဆုံးသွားတာ" လို့ ဟူးမန်းရွာခံတစ်ဦးက ပြောသည်။

.

ဦးအိုက်အောင်၊ ဦးလှတို့နှင့်အတူ လိုက်ပါသွားသည့် အသက် ၄၀ အရွယ် ဦးလှချစ်၊ အသက် ၄၈ နှစ်အရွယ် ဦးမောင် တို့ ၂ ဦးတွင်လည်း ခြေသလုံး၌ ဗုံးစ အသီးသီး ထိမှန်ဒဏ်ရာများ ရရှိကာ ဆေး ကုသမှု ခံယူနေရကြောင်း သိရသည်။

.



လက်ရှိတွင် ကုန်းသာရွာအား TNLA တပ်ဖွဲ့က ပြန်လည် ထိန်းချုပ်ထားနိုင်‌သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ကျေးရွာဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို ဗုံးကြဲ‌နေခြင်းကြောင့် ရွာခံ ပြည်သူများ ကျေးရွာတွင်းသို့ မဝင်ရောက်ကြသေးရန် အထက်ပါ ဟူးမန်းရွာခံက တိုက်တွန်းထားသည်။

.

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ်ရှိ ကုန်းသာ၊ ပိန်းလုံ၊ ဟူးမန်း၊ မန်လုံး၊ ပန်အလောက်နှင့် ဆာမ်ငမ်ရွာများ ဒေသခံပြည်သူ ၁၃၈၆ ဦးသည် နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေကြရသည်။

Journal Download

Photo of three cats