တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်၍ ငါးပစ် လောင်းကစားဂိမ်းဆိုင် အသစ်များ ဆက်တိုက် ဖွင့်လာနေကြောင်း သိရသည်။
.
ငွေကြေးဖြင့် လောင်းကစား ပြုလုပ်ရသည့် ငါးပစ်ဂိမ်းဆိုင်များမှာ ယခင်က ဆိုင်ပေါင်း ၃၀ ဝန်းကျင်သာ ရှိသော်လည်း ယခုတွင် လောင်းကစား အကြီးအကျယ် ပြုလုပ်ရသည့် ဂိမ်းစက်များ ပါဝင်သည့် ဆိုင်များကို အသစ်ဖွင့်လာနေခြင်း ဖြစ်သည်ဟု သိရသည်။
.
" အခု ရပ်ကွက်ထဲမှာ လောင်းကစား လုပ်တဲ့ ငါးပစ်ဂိမ်းဆိုင်တွေ များလာတာ။ ဆိုင်အသစ်တွေ ထပ် ဖွင့်လာတာ။ အရင်တည်းက ခိုးမှုတွေ၊ လုယက်မှုတွေက နေ့တိုင်းလိုလို ဖြစ်နေတာပေါ့။ လူပေါင်းစုံ လာကြတာ ဆိုတော့ ဘယ်သူ့ကို ယုံရမှန်း မသိတော့ဘူး။ ရပ်ကွက် လုံခြုံရေးက စိုးရိမ်စရာ ကောင်းလာတယ်။ " ဟု တောင်ကြီးမြို့ပေါ်နေသူ တစ်ဦးက ပြောသည်။
.
ယခု အသစ်ဖွင့်နေသော လောင်းကစားဂိမ်းဆိုင်များသည် တရားဝင် ဖွင့်လှစ်ခွင့်ရသော ပုံစံဖြင့်ပြုလုပ်နေကြခြင်း ဖြစ်ပြီး ရပ်ကွက်များအတွင်း ထင်သာမြင်သာ ရှိသည့် နေရာများတွင် ပြုလုပ်နေကြခြင်းဖြစ်ကာ အာဏာပိုင်များအား လာဘ်ငွေ ပေးထားခြင်းကြောင့် အရေးယူမှု တစ်စုံတရာ မရှိကြောင်း သိရသည်။
.
![]() |
ဂိမ်းဆိုင်အချို့၏ တည်နေရာများ |
" တစ်ဆိုင်ကို တစ်ဖွဲ့(ဌာနဆိုင်ရာ) အနည်းဆုံး ၂ သိန်းကနေ ၅ သိန်းလောက် ပေးကြတယ်။ အကုန်ပေါင်းရင် တစ်ဆိုင်ကို တစ်လ သိန်း ၃၀ အထက်မှာ ရှိတယ်။ ဆိုင်ကြီးတွေဆိုရင် သိန်းရာနဲ့ ချီ ပေးရတယ်။ ငွေရလို့ ဖွင့်ခွင့် ပြုတာထက် နိုင်ငံရေးလည်း ပါမှာပေါ့။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ဂိမ်းဆိုင်ဖွင့်သည့်သူများ အနက် အများစုမှာ ဒေသခံ မဟုတ်ကြဘဲ စစ်ကောင်စီနှင့် နီးစပ်သူ၊ ပတ်သက် ဆက်နွယ်သူများ ဖြစ်ကြသည်ဟုလည်း သိရသည်။
.
" လူတွေက ဒေသခံတွေ မဟုတ်တာ များတယ်။ဘယ်လို ပိုင်ရာဆိုင်ရာတွေကို ပေးကမ်းပြီး ဖွင့်ထားလည်း ဆိုတော့ စကစ (စစ်ကောင်စီ) ပါပဲ။ ပြည်သူ့စစ်လို အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေ များပါတယ်။ အရပ်သားဆိုရင် တရုတ် နည်းနည်းပါးပါး ပါတယ်။ " ဟု သတင်းရင်းမြစ် က ရှင်းပြသည်။
.
တောင်ကြီးမြို့နယ်တွင် ခိုးမှု၊ ဖောက်ထွင်းမှု လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း နိုင်ငံရေးကို ပြည်သူများ စိတ်မဝင်စားစေရန် အတွက် လောင်းကစားဂိမ်းများ အပါအဝင် ဂျင်ဝိုင်းကဲ့သို့သော လောင်းကစားဝိုင်းများကို စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်များက လာဘ်ငွေ ရယူကာ ဖွင့်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။