.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်အတွင်း တပ်စခန်းများ စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်သည် ယနေ့ ဒီဇင်ဘာလ
၃ ရက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်များနှင့်
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က သတင်းထုတ်ပြန်ထားသည်။
.
.ဒီးမော့ဆိုမြို့နယ်ရှိ
စစ်ကောင်စီတပ်စွဲထားသော သေးဆူလဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်တွင် ဒီးမော့ဆို PDF နှင့် ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်
စစ်ကောင်စီတပ်သည် သေးဆူလဲစခန်းအပြင် ကုန်းသာကျေးရွာရှိ တပ်စခန်းကိုလည်း စွန့်ခွာထွက်ပြေးသွားခဲ့ပြီးနောက်
အဆိုပါစခန်းအား ပြန်လည်ရရှိနိုင်ရေးအတွက် ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် အင်အားအလုံအရင်းဖြင့်
ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊
ကြာဖူးဒေါးကျေးရွာ အပါအဝင် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ပူးပေါင်းတပ်ဖွဲ့များနှင့်
ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။
.
တိုက်ခိုက်မှုအတွင်း
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး အသေးစိတ်ကို စိစစ်နေဆဲဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုက်ပွဲတွင် စစ်ကောင်စီ၏
ငွေတောင်ခြေစိုက် ခလရ (၁၀၂) တပ်ရင်းနှင့် အမတ (၃၅၆) တပ်ရင်းမှ လက်နက်ကြီးများ ဖြင့်
တစ်နေကုန် ပစ်ကူပေးခဲ့သော်လည်း အထိနာမှု များပြားသောကြောင့် ညနေ ၄ နာရီခန့်တွင် တိုက်လေယာဉ်
၂ စီးဖြင့် ၈ ကြိမ်ခန့်၊ ညနေ ၅ နာရီခန့်တွင် ၃ ကြိမ်ခန့်၊ စုစုပေါင်း ၁၁ ကြိမ်ခန့်
ဗုံးကြဲပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏ ထိုးစစ်ကို
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDF နှင့် အခြား တော်လှန်ရေးအင်အားစုများ
ပူးပေါင်းကာ ခုခံတိုက်ပွဲဝင်ခဲ့ပြီး (DMO-Local PDF) တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။
.
ဆက်လက်၍ တိုက်ပွဲများ
ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြရန် DMO-Local PDF က အသိပေးထားသည်။
.