ညောင်လေးပင်ခရိုင်အတွင်းရှိ နေရာ ၃ ခုအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်လေးပင်ခရိုင်အတွင်းရှိ နေရာ ၃ ခုအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ တစ်ပြိုင်နက်ပြုလုပ်ခဲ့

.

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေ အတွင်းရှိ နေရာ ၃ ခုအား စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေအတွင်းရှိ ဆောထိ (ရွှေကျင်) မြို့နယ်၊ စော်သဲခီးကျေးရွာအုပ်စု၊ ကဟီးဒေးကျေးရွာ အတွင်းသို့ ၂ ကြိမ်၊ ဆောထိ (ရွှေကျင်) မြို့နယ်၊ လယ်ဝါးကျေးရွာအုပ်စု၊ လယ်ဝါးကျေးရွာအတွင်းသို့ ၁ ကြိမ်၊  လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ကွီးလားကျေးရွာအတွင်းသို့ ၁ ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် တစ်ပြိုင်နက် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၈ လုံးခန့် ကြဲချခဲ့ခြင်းဖြစ်ကာ ၅ လုံးသာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

.

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ထိတ်လန့် ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

.

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ယင်းနေ့ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ခမရ (၅၉၈) သည် ဆောထိမြို့နယ်၊ အမှတ် (၃) ဒေသ၊ ဇလုပ်ကြီးကျေးရွာအတွင်းသို့ ထပ်မံပစ်ခတ်ခဲ့သည့်အပြင် ယနေ့ ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဇလုပ်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ဆောထိ (ရွှေကျင်) မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ရေး လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်များသည် ပြည်သူလူထုကိုပစ်မှတ်ထားပြီး ပြည်သူလူထုနေထိုင်သောကျေးရွာများအတွင်း သို့ Drone ဖြင့်ကင်းထောက်ခြင်း၊ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းများကို အစဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ဆောထိ(ရွှေကျင်) မြို့နယ်နှင့် မူး (မုန်း) မြို့နယ်များအတွင်းရှိ ပြည်သူလုထု တစ်သိန်းကျော်သည် ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး ပြည်သူ ၂ သောင်းကျော်မှာ ယနေ့အချိန်ထိ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများ လိုအပ်လျက်ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats