တောင်ကြီးမြို့ပေါ်၌ ယခုရက်ပိုင်းအတွင်း လမ်းဘေးများတွင် ရပ်ထားသည့် မော်တော်ယာဉ်များမှ အပိုဘီး(စပယ်ရာဝီးလ်)များ ဖြုတ်ယူ အခိုးခံနေရကြောင်း သိရသည်။
.
နေအိမ်နှင့် အဆောက်အဦ အနီး လမ်းဘေး၌ ရပ်ထားသည့် ယာဉ်များမှ အပိုဘီးများကို လူခြေပြတ်သည့်အချိန်တွင် အတင့်ရဲစွာ ခိုးယူနေခြင်း ဖြစ်သည်ဟု သိရသည်။
.
" ကျွန်တော်တို့ လမ်းထဲမှာ ရပ်ထားတဲ့ ကားတွေ စပယ်ရာဝီးလ်တွေ ဖြုတ် အခိုးခံလိုက်ရပါတယ်။ အခုက ရတဲ့ဟာ အကုန် ခိုးနေကြတော့ သတိထားဖို့လိုအပ်ပါတယ်။ ပါသွားရင်ဘာမှ ပြန်ရမှာ မဟုတ်ပါဘူး။" ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ မော်တော်ယာဉ်ဘီး အပို ဖြုတ်၍ ခိုးယူနေသည့်အဖွဲ့တွင် အမျိုးသမီးများလည်း ပါဝင်နေပြီး ခိုးယူ ရရှိသည့် ဘီးများကို ပီနံအိတ်များအတွင်းထည့်သွင်း ယူဆောင်ကာ သူခိုးစျေးကွက်တွင် ပြန်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့သည် စစ်အာဏာ မသိမ်းမီကာလက ခိုးဆိုးနှိုက်မှုများ မရှိသလောက် နည်းပါးသည့် မြို့ ဖြစ်သော်လည်း ယခုတွင် နေ့စဉ်နှင့်အမျှ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုများ ဖြစ်ပေါ်နေလျက် ရှိသည်။