.
တော်လှန်ရေး ပြီးဆုံးချိန်တွင်
နစ်နာဆုံးရှုံးခဲ့ရသည့် ပြည်သူများကို အကောင်းဆုံး ကုစားပေးရန် ယခုအစိုးရနှင့် အသွင်
ကူးပြောင်းရေးအစိုးရမှ သေချာ စီစဉ်ပေးရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
.
.အမျိုးသားညီညွတ်ရေးအစိုးရ၊
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်
(၃၉/၂၀၂၂) ကို ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ကြားကာလဒေသန္တရ
ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းက အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကျယ်ပြန့်လာသည်နှင့်အမျှ ဝန်ကြီးဌာနများ
ထပ်မံတိုးချဲ့ဖွဲ့စည်း ရန် အကြံပြုမှုများ ရှိလာကြောင်း၊ များပြားလာသည့် လုပ်ငန်းများအတွက်
ပါဝင်သင့်သည့် ဝန်ကြီးဌာနများကို ဖြည့်စွက်သွားမည်ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း
တော်လှန်ရေးအနေအထား ပိုမိုလှုပ်ခတ်လာပြီး စစ်ရေးပိုင်း တွင်လည်း ပိုမိုအားကောင်းလာသည့်
ဒေသများကို တွေ့ရကြောင်း၊ စစ်ရေးလှုပ်ရှားမှု များလာသည်နှင့်အမျှ ထိခိုက် နစ်နာသူ ပြည်သူများနှင့်
အသက်ဆုံးရှံးခဲ့ရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းကို ကြားသိရသည့်အတွက် စိတ်ထိခိုက်ရကြောင်း၊
ပြည်သူများထိခိုက်နစ်နာမှု ထပ်မဖြစ်စေရန် တော်လှန်ရေးကို အောင်အောင်မြင်မြင်ဖြင့် အမြန်ဆုံး
အဆုံးသတ်နိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင် တော်လှန်ရေးပြီးဆုံးချိန်တွင်
နစ်နာဆုံးရှုံးခဲ့ရသည့် ပြည်သူများကို အကောင်းဆုံးကုစားပေးရန်ယခုအစိုးရနှင့်
အသွင်ကူးပြောင်းရေးအစိုးရမှ သေချာစီစဉ်ပေးရန်လိုအပ်ကြောင်း၊ တော်လှန်ရေး အချိန်ကြာမြင့်လာသည်နှင့်အမျှ
ပြည်သူများ၏ ခံနိုင်ရည်စွမ်း ကျဆင်းလာနိုင်ကြောင်း၊ အဓိကအားဖြင့်
ဆက်တိုက်ဖိခံနေရသောဒေသများတွင် ဆက်လက်တောင့်ခံနိုင်ရေးအတွက် အခက်အခဲရှိပါကြောင်း၊ ထိုအခြေအနေတွင်
တော်လှန်ရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏
ဦးဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းသည် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့နောက် တက်ရောက်လာသော
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် များမှ (၃၈/၂၀၂၂)
တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး
ပြီးစီးမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို
ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါအစည်းအဝေးသို့
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထဲရေးနှင့်
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊
ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.