ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ပျက်စီးပြီး ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ပျက်စီးပြီး ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

.

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ သထုံခရိုင်၊ တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ပျက်စီးပြီး ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ (၃၁၀) တပ်က ဒီဇင်ဘာလ ၂ ရက်၊ ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ကျိုက်ထို မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးသို့ လက်နက်ကြီး ၇ လုံးခန့်နှင့် ယင်းနေ့ည ၁၂ နာရီခန့်တွင် ဇီးပြောင်းကျေးရွာ အနီးသို့ လက်နက်ကြီး ၉ လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကျောက်ဖျာကျေးရွာအနီးသို့ ပစ်ခတ်မှုတွင် ကျေးရွာအတွင်း လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စောမိုင်တဲ၊ နော်ဂျမ်းဘုံ၊ စောဟဲနှင့် ဦးဖိုးဇော်၏ နေအိမ်များအား လက်နက်ကြီး ကျည်စထိမှန် ပျက်စီးခဲ့ကာ အရပ်သားထိခိုက်မှုမရှိကြောင်းသိရသည်။

.

စစ်ကောင်စီတပ်၏ ပြည်သူလူထုကိုပစ်မှတ်ထားပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကျောက်ဖျာကျေးရွာနှင့် ဇီးပြောင်းကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူလူထုမှာ ၄၀၀၀ ကျော် ထိရှိနေပြီး ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

.

ယင်းကဲ့သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းသည် စစ်ကြောင်းထိုးမည့် သဘောဖြစ်ပြီး ယခင်ကလည်း လက်နက်ကြီး များ ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးတတ်လေ့ရှိကြောင်း KNU ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲမှ တာဝန်ခံက ပြောဆိုထားသည်။

.

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် အင်အား ၂၀၀၀ ခန့်သည် ပျဉ်းကတိုးကုန်းကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သိမ်ဇရပ်အခြေစိုက် အမတ (၃၁၀) နှင့် ခမရ (၂၀၇) မှ လက်နက် ကြီးများ မကြာခဏ ပစ်ခတ်နေသဖြင့် ဒေသခံအရပ်သားများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အပြင် စားဝတ်နေရေး အခက်အခဲများလည်း ရှိနေကြောင်း KNU ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats