ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် (ခရစ္စမတ် အကြိုနေ့) တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား အစုလ်ိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် တစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
.
ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် စစ်ရှောင်ပြည်သူများနှင့် ဆီတင်ဆောင်ထားသည့် ကားများအား ဖမ်းဆီးပြီး ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများအား သွေးအေးအေးဖြင့် မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ အခင်းဖြစ်ပွားစဥ် လာရောက် ဖြန်ဖြေတားဆီးရန် ရောက်လာသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၄ ဦး ကိုလည်း လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့သည်။
.
အဆိုပါ ဖြစ်စဥ်အတွင်း မြေစာပင်ဖြစ်ခဲ့ရသော ပြည်သူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူ ပူဆွေးကြေကွဲရကြောင်းနှင့် မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင်ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။
.
အစုအလိုက်အပြုံလိုက် သတ်ဖြတ်ကာ လူမဆန်သော စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့သည့် အဓိကတရားခံ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းအ ပါအဝင် စစ်ကောင်စီ တရပ်လုံးအား ဆန့်ကျင်တွန်းလှန်သွားမည် ဖြစ်ပြီး လွတ်လပ်၊ ငြိမ်းချမ်း၊ မျှတစွာ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းသည်အထိ မဆုတ်မနှစ် ကြိုးပမ်းသွားရန် အဓိဌာန်ကို ကိုင်စွဲလျက်ရှိသည်ဟုလည်း KNDF က ဆိုသည်။
.
စစ်ကောင်စီတပ်က အရှင်လတ်လတ် မီရှို့သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူ ၄၀ ကျော် နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရသော (၁၀၀၄) တပ်ရင်းမှ နယ်ခြားစောင့်တပ်သား ၄ ဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများ ဖြစ်သဖြင့် အစဥ်အမြဲ အောက့်မေ့ သတိရပြီး တရားမျှတမှု ရရှိသည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း KNDF က ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်