တောင်ကြီး၌ တစ်ညအတွင်း နေအိမ် ၄ အိမ်မှ မီးကြိုးများ ဖြတ် အခိုးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ တစ်ညအတွင်း နေအိမ် ၄ အိမ်မှ မီးကြိုးများ ဖြတ် အခိုးခံရ

တောင်ကြီးမြို့၌ တစ်ညအတွင်း နေအိမ် ၄ အိမ်မှ လျှပ်စစ်မီးကြိုး (ဆားဗစ်) ကြိုးများ ဖြတ်ယူ အခိုးခံခဲ့ရကြောင်း သိရသည်။

.

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်၊ ညပိုင်း မီးပျက်ချိန်တွင် တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၅)၊ သုခလမ်းရှိ နေအိမ် ၄ အိမ်မှ မီးကြိုးများအား တစ်ချိန်တည်း ဖြတ်ယူ အခိုးခံရခြင်း ဖြစ်သည်။

.



" ကျွန်မတို့ အိမ်က မီးကြိုး ဖြတ်သွားတာ၊ ပေ ၁၀၀ ကျော်လောက် ပါသွားတယ်။ အစ အဆုံး ပြန်လုပ်ရတာဆိုတော့ ၃ သိန်း နီးပါးလောက် ကုန်သွားတာပေါ့။ ညပိုင်း မီးပျက်နေတဲ့ အချိန် ဖြတ်ခိုးသွားတာပါ" ဟု မီးကြိုး ဖြတ်၍ ခိုးယူခံရသည့် အိမ်ရှင် တစ်ဦးက ပြောသည်။

.

အဆိုပါ မီးကြိုး ခိုးယူသူများသည် ညပိုင်း မီးပျက်ချိန်တွင် အခွင့်ကောင်းယူ၍ ခိုးယူခြင်း ဖြစ်ပြီး တစ်နေ့ထက် တစ်နေ့ အတင့်ရဲလာနေကြသည်ဟု သိရသည်။

.

" တစ်နေရာတည်းမှာ တစ်ပြိုင်တည်း လုပ်သွားတာဆိုတော့ သူခိုးတွေက တော်တော် အတင့်ရဲလာတယ်လို့ ပြောရတော့မယ်။ သူခိုးတွေက ညပိုင်း မီးပျက်ချိန်ကို အခွင့်ကောင်း ယူပြီး ခိုးနေတာ။ အခုက ရတဲ့ဟာ အကုန် ခိုးနေကြတော့ သတိ ပို ထားမှ ရတော့မယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း နေအိမ်များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ဖြတ်ယူ အခိုးခံရခြင်း၊ ပလက်ဖောင်း ရေမြောင်းဖုံး သံပန်းများ ခိုးယူခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats