.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဒေသများအတွင်း စိုက်ပျိုးထားသည့်
မုန်လာထုပ်များ ထွက်ရှိနေသော်လည်း ယခုရာသီအတွင်း ဈေးနှုန်းများကျဆင်းနေသည့်အတွက်
စိုက်ပျိုးတောင်သူများ အနေဖြင့်အရှုံးပေါ်လာနိုင်ကြောင်း သိရသည်။
.
.
ယခင်က မုန်လာထုပ် တစ်ထုပ်လျှင်
၈၀၀ ကျပ်ခန့် ဈေးရရှိခဲ့ပြီး ယခုလအတွင်း ဈေးနှုန်းများ ကျဆင်းလာသည့်အပြင် ကုန်စိမ်းပစ္စည်း
ဖြစ်နေသည့် အတွက် ရေရှည်ထားရန် အဆင်မပြေသောကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် ဈေးနှုန်း
ကျဆင်းသည့်ဒဏ် အပြင် အခြားသော အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
.
“မိုးရာသီမဟုတ်တော့
ရေသွင်းပြီးစိုက်ရတဲ့အတွက် ကုန်ကျစရိတ်က ပိုများလာတယ်။ ဒီဇယ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေလည်း
ဈေးက သုံးဆလောက် တက်နေတယ်။ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ နေ့စားလုပ်သားခ ဈေးနှုန်းတွေလည်း
တက်လာတယ်။ အထွေထွေ ကုန်ကျစရိတ်များလာတော့ တောင်သူတွေက အရှုံးများလာတာပေါ့” ဟု
နောင်တရားဒေသခံ မုန်လာထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
ပြည်သူအားလုံး အထွေထွေအကျပ်အတည်းနှင့် ကြုံတွေ့နေရသည့်အတွက် သီးနှံဈေးနှုန်းကျ၍ တောင်သူများ
အခက်အခဲဖြစ်ပေါ်ချိန်တွင် ယခင်ကကဲ့သို့ ခြံလုံးပြတ် လာရောက်ဝယ်ယူ လှူဒါန်းသည့် အလှူရှင်များလည်း
မရှိတော့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင်
မုန်လာထုပ်အား ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၊ အောင်ပန်း၊ ဟဲဟိုး အစရှိသည့်ဒေသများတွင်
အဓိက စိုက်ပျိုးကြပြီး ဈေးနှုန်းကျဆင်းနေသည့်အတွက် တောင်သူများ အခက်အခဲဖြစ်
ပေါ်နေကြောင်းသိရသည်။
.
#KBZTai #16December2022
.