.
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊
ရွှေဘုံသာရွာအား မီးရှို့ပြီး ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ယမန်နေ့ ဒီဇင်ဘာလ
၆ ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ
အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
.
.ရွှေဘုံသာရွာအား မီးရှို့ထွက်လာသော
စစ်ကောင်စီတပ်သားများကို စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSPDF မိုင်းတပ်စိပ်ရဲဘော်များမှ MSPDF ထုတ် ပြင်းအားမြင့်
ပဒေသာမိုင်းလုံးများဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးမှာ
နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Natogyi Regional Defense Force-NRDF က
ထုတ်ပြန်ထားသည်။
.
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင်
ဒဏ်ရာရ စစ်ကောင်စီတပ်သားများအား ထမ်းစင်များနှင့် သယ်ယူသွားသည်ဟု သိရပြီး ဒဏ်ရရရှိသူများထဲမှ
အသေအပျောက်ရှိနိုင်သဖြင့် စိစစ်နေဆဲဖြစ်ကြောင်း NRDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
.
မိုင်းဆွဲတိုက်ခိုက်မှု
အပြီးတွင် စစ်ကောင်စီတပ်သားများမှ ဒဏ်ရာရ ရဲဘော်များကို ဆေးကုသ ပေးရန် ထွက်လာသော စစ်ကောင်စီ
စစ်ကြောင်းအား ညီနောင်မဟာမိတ်များနှင့် အတူ အသင့်စောင့်ဆိုင်း ခြုံခိုတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီ ဘက်မှ ရှေ့ပြေး(ပွိုင့်) တပ်သား ၂ ဦးမှာ ပြန်လည်
ခုခံပြင်ဆင်ချိန်မရဘဲ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရ တပ်သားများလည်း
ရှိခဲ့သည်ကြောင်း သိရသည်။
.
နှစ်ဘက် တိုက်ခိုက်မှု
၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း
ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း NRDF က ထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ခိုက်မှုများကို
စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် (၄)-MSPDF၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၄) – NRDF၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁)၊ မြင်းခြံခရိုင်
တပ်ရင်းအမှတ် (၃) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.