အာဏာသိမ်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာအား ဒီဇင်ဘာလ ၇ ရက်တွင် လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူပိုင် လူ နေအိမ် ၄ လုံး မီးလောင်ပြာကျ၍ ရွာလုံးကျွတ် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
.
TNLA က မီးလောင်ပျက်စီးမှုအခြေအနေနှင့်လက်နက်ကြီး ပစ်ခတ်ခံရမှုအခြေအနေများကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
" လူနေအိမ် ၄ အိမ်ကို သူတို့ (စစ်ကောင်တပ်)တွေက မီးရှို့လိုက်လို့ မီးလောင် ပြာကျသွားတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၅၀ ကျော်ဝန်းကျင်ကိုလည်း သူတို့က သေနတ်တွေနဲ့ ပစ်တယ်၊ လေယာဥ်နဲ့လည်း ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီးလည်း ထိတယ်၊ မီးမလောင်ပေမယ့် အကုန် ထိခိုက် ပျက်စီးကုန်ပြီ။" ဟု ကုန်းသာရွာခံက ပြောသည်။
.
ကုန်းသာကျေးရွာတွင် အိမ်ခြေ ၆၀ ဝန်းကျင်ခန့် ရှိပြီး ကုန်းသာရွာနှင့် အနီးစပ်ဆုံးရွာ ဖြစ်သည့် ဟူးမန်းရွာနှင့် ပန်းအလောက်ရွာရှိ ဒေသခံများ၏ နေအိမ်များကိုလည်း စစ်ကောင်စီ၏ စစ်ကြောင်းများက ဖောက်ထွင်းကာ မွှေနှောက်ပြီး ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။
.
" သူတို့ ရွာထဲကို စစ်ကြောင်းဝင်လာတော့ အိမ်တိုင်းကို ဖောက်ပြီး မွှေသွားတယ်၊ တချို့အိမ်ဆို ရွှေထည်ပစ္စည်းတွေ ပါသွားတယ်၊ ကျွန်မဆိုင်ကိုလည်း သော့ဖျက်ပြီး စားစရာတွေ၊ ဆန်အိတ်တွေကိုလည်း ဖောက်ပြီး သူတို့နိုင်သလောက်ကို ယူသွားတယ်၊ ပြီးတော့ ကျွန်မ ရောင်းလို့ရတဲ့ ငွေနဲ့ အရင်းအနှီးလုပ်ဖို့ ထား ထားတဲ့ ငွေ ၁၇ သိန်းကျော်ကိုလည်း ယူသွားတယ်။ အခု ကျွန်မတို့ ဘယ်လို ရှေ့ဆက်ရမလဲ မသိဘူး။" ဟု ဟူးမန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု ဆက်လက်ပြုလုပ်လျက် ရှိပြီး တိုက်ပွဲများကြောင့် ၂ ဖက် ထိခိုက်မှု အခြေအနေကိုမူ လတ်တလော အတည်မပြုနိုင်ခြင်း မရှိသေးချေ။
.
ကုန်းသာရွာ စီးနင်းတိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာအနီးရှိ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနှင့် ဆာမ်ငမ်ရွာမှ ဒေသခံ ထောင်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။