.
ကရင်နီ (ကယား) ပြည်နယ်တွင်
ပြီးခဲ့သည့် နိုဝင်ဘာတစ်လတာအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ အကြား
တိုက်ပွဲပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၄၃ ဦး သေဆုံးကာ ၃
ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီတပ်သည် နိုဝင်ဘာလအတွင်း
လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာများသို့ အကြမ်းဖက် စစ်ဆင်ရေး ပြုလုပ်ကာ
စစ်ကြောင်းထိုးခဲ့ပြီး ကုန်းဆွတ်ကျေးရွာအနီးတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကာ ပါလောင်းကျေးရွာနှင့်
ဒေါတယို့ကျေးရွာဝန်းကျင်တွင်လည်း စစ်ကောင်စီဘက်မှ ဝင်ရောက်တပ်စွဲထားသဖြင့် ထိတွေ့ တိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အတူ နိုဝင်ဘာလ
နောက်ဆုံးအပတ်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာ၊ သေးဆူလဲကျေးရွာတို့မှ ရှမ်းကယားနယ်စပ်
နန်းဖယ်ခုံမြို့နှင့် အနီးတဝိုက်ကျေးရွာများအထိ စစ်ကောင်စီတပ်များကို ကရင်နီ
ပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း
ကရင်နီပူးပေါင်းတပ်ဖွဲ့ များမှ နေ့စဉ်အလစ်အငိုက် တိုက်ခိုက်လျက်ရှိပြီး၊
စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြုကာ အင်အား ဖြည့်တင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး
၄၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅၇ လုံး ပျက်စီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
.
နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်များကို
ခုခံတိုက်ခိုက်ရင်း KNDF မှ
ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီ ဘက်မှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ဘက်သို့
ဘက်ပြောင်း ပူးပေါင်းကာ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်နှင့်
နန်းဖယ်ခုံမြို့တို့တွင် စစ်ရေးအရှိန် မြင့်လျက်ရှိပြီး ထိတွေ့တိုက်ပွဲများ မကြာခဏ
ဖြစ်ပွားနေ သဖြင့် ပြည်သူများ လုံခြုံရေး သတိရှိကြရန် KNDF က အသိပေးထားသည်။
.