တောင်ကြီးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများသည် စားဝတ်နေရေးအတွက် အလုပ် လုပ်ကိုင်လိုကြသော်လည်း အလုပ်အကိုင် ရရှိရန် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
.
စစ်ဘေးရှောင်များအား မြို့ပေါ်လုပ်ငန်းရှင်များက အကြောင်း အမျိုးမျိုး ပြ၍ အလုပ် ခန့်အပ်ခြင်း မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲကြပ်တည်းလာနေခြင်း ဖြစ်သည်။
.
" ကျွန်မက ကယား (ကရင်နီ) ပြည်နယ်ကနေ စစ်ဘေးရှောင်ပြီး တောင်ကြီးကို ရောက်နေတာပါ။ ကွန် ပျူတာသင်တန်းနဲ့ ဆေးဝါး သင်တန်းတွေ တက်ထားပြီးပါပြီ။ ဒါပေမယ့် အလုပ် လျှောက်တဲ့ အခါကြတော့ အခက်အခဲတွေ ကြုံရပါတယ်။ နေရာဒေသနဲ့မှတ်ပုံတင်ကို ကြည့်ပြီး အလုပ် မခန့်တဲ့အတွက် အခုချိန်ထိ အလုပ် မရသေးပါဘူး။ စားဝတ်နေရေးက တော်တော် ခက်ခဲလာပါတယ်။" ဟု စစ်ဘေးရှောင် အသက် ၂၅ အရွယ် တိုင်းရင်းသူတစ်ဦးက ပြော သည်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း၌ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေရာ အဆိုပါဒေသများမှ ပြည်သူ အများအပြားသည် တောင်ကြီး အပါအဝင် ရှမ်းတောင်ရှိ မြို့နယ်များသို့ လာရောက်၍ စစ်ဘေးရှောင် ခိုလှုံနေကြရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရပြီး ထောင်ဒဏ် ချမှတ်ခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည်လည်း အလုပ်အကိုင် အခွင့်အလမ်း မရှိသလောက် နည်းပါးနေကြောင်း သိရသည်။