အာဏာသိမ်း စစ်ကောင်စီတပ် လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့က ဘားအံမြို့နယ်ရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်မှတ်ထား ပစ်ခတ်ခဲ့သည့် အပြင် နေအိမ် တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
BGF - ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ(၂) မှ အင်အား ၂၃ ဦးခန့်ရှိ အဖွဲ့သည် လှေ ၃ စီးဖြင့် KNU တပ်မဟာ (၇) အုပ်ချုပ်မှု နယ်မြေ မီးပုံးကျေးရွာတွင်းရှိဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင်း တပ်ဆွဲ၍ မူးယစ်သောက်စားရမ်းကားကာ မီးပုံးရွာရှိ နေအိမ် တစ်လုံးကို ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။
.
ယင်းကဲ့သို့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် တန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ကျပ်ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ စစ်ကောင်စီတပ် လက်အောက်ခံ BGF - ၁၀၁၄ တပ်ရင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအတွင်း ခြောက်လှန့် ပစ်ခတ်ခဲ့သည့်အပြင် လက်ပံတန်းရွာ တစ်ဖက်ကမ်းမှ BGF - ၁၁၀၁ တပ်ရင်းကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ တကောင်ဘိုးရွာနေ အရပ်သား အသက် ၅၉ နှစ်အရွယ် ဦးမောင်သိန်းဝင်း တွင် လက်နက်ကြီးစ ထိမှန်ကာ နေအိမ်နှင့် တိရစ္ဆာန်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
.
၎င်းတို့သည် ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စောမောင်အဲ့ ပိုင် အိမ်စီးကား တစ်စီးအား ယူဆောင်ပြီး မီးပုံးရွာမှ ဝဲပျံရွာသို့ ထွက်ခွာသွားကြောင်းနှင့် လက်ရှိတွင် မပေါက်ကွဲသည့် လက်နက်ကြီးကျည်များ ရှိနေသေးကြောင်း သိရသည်။