ရှမ်းတောင် USDP ပါတီ အတွင်းရေးမှူး တာဝန်မှ အနားယူခွင့် တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် USDP ပါတီ အတွင်းရေးမှူး တာဝန်မှ အနားယူခွင့် တင်

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းရေးမှူး ဖြစ်သူ စိုင်းဇော်ဇော်သည် ပါတီတာဝန်မှ အနားယူခွင့်ကို နိုဝင်ဘာလ ၂၂ ရက်က တင်လိုက်ကြောင်း သိရသည်။

.



စိုင်းဇော်ဇော် သည် ၎င်း၏ ပရဟိတလုပ်ငန်း လုပ်ဆောင်ချက်နှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုများကြောင့် ဒေသတွင်း၌ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် USDP တောင်ကြီးမြို့နယ် အတွင်းရေးမှူး၊ ၂၀၁၂ ခုနှစ်တွင် ပြည်နယ်‌ကော်မတီဝင်နှင့် ဗဟိုကော်မတီဝင်၊ ၂၀၂၂ ခုနှစ်တွင် ပြည်နယ်‌ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။

.

၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာ၌ ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် (လက်ရှိ ထောင်ဒဏ်ချမှတ်ခံထား) ကို ရှုံးနိမ့်ခဲ့ရကာ ယင်းမဲဆန္ဒနယ်သည် ရှမ်းပြည်နယ်အတွင်း၌ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။

.

မိသားစု ကျန်းမာရေးကိစ္စကို ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်လျက် ရှိနေသဖြင့် ပါတီတာဝန်မှ အနားယူခွင့် ပြုရန်ဟု တင်ပြစာတွင် ဖော်ပြထားသည်။

.



" မိသားစုအရေးကြောင့် တာဝန် မကျေပွန်မှု များလာသောအခါ ပါတီလုပ်ငန်းများ နှောင့်နေးရသလို လုပ်ဖော်ကိုင်ဖက်များကိုလည်း ပိုမို၍ ပင်ပန်းစေပါသည်။ မည်သူဦးတစ်ယောက်ကြောင့်မျှ မဟုတ်ရပါ၊ချစ်ခြင်း မုန်းခြင်းများ မရှိရပါ၊ လုပ်ကိုင်နိုင်သူမျိုးဆက်သစ်များကို နေရာပေးခြင်းသာ ဖြစ်ပါသည်။" ဟု စိုင်းဇော်ဇော် က ဆိုသည်။

.

စိုင်းဇော်ဇော် ၏ အမျိုးသမီး ဖြစ်သူသည် ၂၀၁၉ ခုနှစ်မှ စတင်၍ ကျန်းမာရေး မကောင်းမွန်သဖြင့် ဆေးရုံ အကြိမ်ပေါင်း ၅၀ ကျော်ခန့် တက်ရောက် ကုသခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ရောဂါ ဝေဒနာများ ပိုမို ခံစားလာနေရသည်ဟု သိရသည်။

Journal Download

Photo of three cats