.
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်
အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြင်းထန်စွာ
တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.
ပုဏ္ဏားကျွန်းမြို့
အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၅၀) တပ်ရင်းသည် နိုဝင်ဘာလ ၁၀ ရက်၊ ညနေပိုင်းက ဆင်အင်း
ကြီးကျေးရွာမှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအတွင်းမှ သက်ကြီးရွယ်အိုများ
အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးထက်မနည်းသော အရေအတွက်ကို ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့်
လူသားမျိုးနွယ်စုအပေါ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ လုပ်ရပ်သည်
စစ်ကောင်စီတပ်၏ လူမဆန်သော လုပ်ရပ်များအနက်မှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက်အပြုံလိုက်
သတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ULA က ဆိုသည်။
.
ထို့အပြင် နိုဝင်ဘလ
၁၀ ရက်နှင့် ၁၁ ရက်များတွင် စစ်ကောင်စီတပ်၏ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ
(၅၅၀) တပ်ရင်းနှင့် စစ်တွေ၊ ပါဒလိပ်၊ ကွမ်းတောင်တပ်စခန်းများမှ လက်နက်ကြီးများဖြင့်
ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရည်ရွယ်ချက်ရှိရှိ
ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး နှင့် ကလေးသူငယ်များ အပါအဝင်
၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အချို့မှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရ သည်ဟု
ဖော်ပြထားသည်။
.
ယင်းလုပ်ရပ်များသည်
လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်
ခဲ့သည့် အလွန်သရဲဘောကြောင်သော စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဖြစ်သည်ဟု ULA က ဆိုသည်။
.
စစ်ကောင်စီတပ်၏ လူမျိုးရေးအမုန်းတရားနှင့်
ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင်ခဲ့သည့် စစ် ရာဇဝတ်မှု ကျူးလွန်ခဲ့သော
ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူ
များကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ULA က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီသည်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊
လူနေအိမ်၊ ရပ်ရွာပေါင်း မြောက်မြားစွာကို မီးရှို့ဖျက်ဆီးခြင်းများအား
တနိုင်ငံလုံး အတိုင်းအတာဖြင့် အထိန်းအကွပ်မဲ့စွာ နေ့စဉ်ရက်ဆက်
ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသလို ရခိုင်နှင့် ပလက်ဝဒေသအတွင်း AA နှင့် ဖြစ်ပွားသည့်
တကျော့ပြန်တိုက်ပွဲများ၌လည်း ထိုသို့ပင် ကျူးလွန်လျက် ရှိကြောင်း
ယထုတ်ပြန်ချက်တွင် အသိပေးထားသည်။
.