.
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊
တောင်တွင်းဒေသ၊ ပျားသုံးကျေးရွာကို မီးရှို့ရန် လာရောက်သော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်က People
Defence Force Taung Dwin-Minkin TDPDF မင်းကင်းတပ်ရင်း (၅)၊ ရွှေတြိဂံ၊
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
.
မင်းကင်းမြို့နယ်၊
ကျော်ရွာတွင် အထိုင်ချ၍ အနီးဝန်းကျင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်
ပျူစောထီး ၄၀ ခန့်သည် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က ပျားသုံးကျေးရွာသို့
မီးရှို့ရန် အရပ်ဝတ်များဖြင့် လာရောက်ဝိုင်းစဉ် ပျားသုံးကျေးရွာအတွင်းမှ တော်လှန်ရေးရဲဘော်များက
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီနှင့်
ပျူစောထီးများ ပြန်လည်ဆုတ်ခွာသွား ခဲ့ကြောင်း သိရသည်။
.
တိုက်ခိုက်မှုအတွင်း
People Defence Force Taung Dwin-Minkin TDPDF တပ်ဖွဲ့မှ စမ်းသပ်ထုတ်လုပ်ထားသည့် လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ပြီး
TDPDF ဘက်မှ ထိခိုက်သူ မရှိကြောင်းနှင့်
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၊ ပျူစောထီး တပ်များတွင် ထိခိုက်မှုရှိနိုင်ပြီး အတည်မပြုနိုင်သေးကြောင်း
TDPDF က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်သည် အဆိုပါ
ပျားသုံးကျေးရွာကို ယခင်ကလည်း ၅ ကြိမ်ထက်မနည်း မီးရှို့ခြင်း၊ နေအိမ်များကို
ပေါက်ဆိန်များဖြင့် ထုရိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး ရွာသားများမွေးမြူထားသော
နွား/ဝက် ကြက်များကို သတ်ဖြတ်၍ အဓမ္မယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
လက်ရှိတွင် ပျားသုံးကျေးရွာအတွင်းမှ
ပြည်သူများမှာ နေအိမ်များတွင် မနေဝံ့တော့ဘဲ စစ်ဘေးလွတ်ရာ တောတောင် များအတွင်း တိမ်းရှောင်နေရပြီး
ဆောင်းရာသီဖြစ်သဖြင့် အနွေးထည်များ လိုအပ်လျက်ရှိကြောင်း People Defence
Force Taung Dwin-Minkin TDPDF ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
အဆိုပါ ဒေသအတွင်း အချိန်မရွေး
ထိတွေ့မှု ဖြစ်ပွားနိုင်ပြီး People Defence Force Taung Dwin-Minkin TDPDF
မင်းကင်းတပ်ရင်း (၅) အနေဖြင့် ပြည်သူများကို တတ်နိုင်စွမ်းသမျှ
ကာကွယ်စောင့်ရှောက်၍ စစ်ကောင်စီနှင့် ပျူစောထီးတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း
TDPDF သတင်းနှင့် ပြန်ကြားရေးက
ထုတ်ပြန်ထားသည်။
.