စစ်ကောင်စီတပ်၏ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းမှ တပ်သား တစ်ဦးသည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်းထံတွင် CDM ပြု လုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ CDM တပ်သားမှာ ခမရ (၅၁၁)မှ တပ်သား တင်ဝင်း ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်း၊ တပ်ခွဲ(၂) သိန်းငှက်တပ်ခွဲသို့ ဆက်သွယ်ကာ လက်နက်/ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်း ဖြစ်သည်ဟု MBPDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
"ကျွန်တော် စစ်တပ်ထဲ ၀င်လာတာ ၂ နှစ်ခွဲလောက် ရှိပြီး ဖယ်ခုံအခြေစိုက် ခမရ (၃၃၆)ကို ရောက်ရှိလာတာ ၉ လကျော်ရှိပြီ ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးလုံး ဗဟိုကင်းမှာပဲ တာ၀န်ကျပါတယ်။ အထက်က ဗိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေ၊ စနစ်ဆိုးတွေကို မကြိုက်နှစ်သက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှေ့တန်းရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ လစဥ်ရပိုင်ခွင့်ရှိသော လစာများကို တစ်ပြားတစ်ကျပ်မှ ထုတ်ပေးခြင်း မရှိဘဲ နောက် တန်းမှာ ကျန်ရှိတဲ့ စစ်ဗိုလ်များက ကျွန်တော်တို့ရဲ့လစာများကို ခေါင်းပုံဖြတ် ထုတ်ယူသွားခဲ့ပါတယ်။ သူတို့တွေက နယ်ခံတပ်သားတွေကို ရှေ့တန်း မပို့ဘဲ ကျွန်တော်တို့ နယ်ဝေး၊ ရပ်ဝေးတပ်သားများကိုသာ အရှေ့ပွိုင့်ကို ထိုးကျွေးခိုင်းပါတယ်။ အဲဒီအထဲမှ ကျွန်တော့် သူငယ်ချင်းတပ်သား ၁ ဦးနှင့် ကျွန်တောာ့် ဆရာ ၂ ဦးတို့မှာလည်း မိုင်းဆွဲခံရပြီး သေဆုံးသွားခဲ့ပါတယ်။ တပ်တွင်းတွင်လည်း ဖိနှိပ်ချုပ်ချယ်မှုများ၊ ပျက်စီးယိုယွင်းမှုများ မြောက်များစွာ ရှိနေတာကြောင့် ကျွန်တော် ပြည်သူ့ရင်ခွင်ကို ခိုလှုံရန် ဆုံးဖြတ်ခဲ့ပါတယ်။"ဟု ၎င်းတပ်သားက ပြောသည်။
.
CDM တပ်သား တင်ဝင်း ကို ဆုငွေအဖြစ် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်းမှ ကျပ်သိန်း ၂၀ သိန်း၊ ပြည်သူ့သားကောင်းအဖွဲ့မှ ကျပ်သိန်း ၂၀ ၊ စုစုပေါင်း ကျပ်သိန်း ၄၀ ပေးအပ် ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။
.
လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လိုသည့် စစ်ကောင်စီလက်အောက်ခံ အရာရှိ/စစ်သည်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု Mobye People Defense Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။