.
အမျိုးသားညီညွတ်ရေးအစိုးရ၊
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် လူထု တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway
တို့အကြား ဒေသတွင်း စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု
NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)
မှ တာဝန်ရှိသူများ ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး
သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထိုသို့ တွေ့ဆုံရာတွင်
လက်ရှိ တော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေမှုများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏
အခန်းကဏ္ဍ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ
ဆွေးနွေးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ပြန်ထားသည်။
.
တွေ့ဆုံဆွေးနွေးမှုအရ
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA–Magway) အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန မှ ချမှတ်ထားသော
စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC) ကို လေးစားလိုက်နာလျက် အမိန့်ပေး ကွပ်ကဲမှုကွင်းဆက် (Chain of Command)
တွင်ပါဝင်ရန်၊
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကြားကာလ
ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘော တူညီခဲ့သည်ဟု
သိရသည်။
.
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု
(PRA–Magway) သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်
၂ လခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး
မကွေးတိုင်းအတွင်း စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။
.