မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA)နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
လားရှိုးမြို့နယ်၊ နမ့်ပုံကျေးရွာ၌ပင် နိုဝင်ဘာလ ၁၅ ရက်က စစ်ကောင်စီ၏ အင်အား ၇၀ ခန့်ပါ ပူးပေါင်းတပ်ဖွဲ့နှင့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံး၍ ဒဏ်ရာ ရသူများ ရှိခဲ့ကြောင်း သိရသည်။
.
နမ့်ပုံကျေးရွာ၌ MNDAA ၏ လှည့်ကင်းအဖွဲ့နှင့် တပ်စခန်း ချနေသည့် စစ်ကောင်စီ၏ တပ်ရင်း (၂၉၁)မှ အင်အား ၁၅၀ ဖြင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား တစ်ဦးသေ၍ ဒဏ်ရာ ရသူများလည်း ရှိခဲ့သည့်အပြင် စစ်ကောင်စီ တပ်စခန်းအဆောင် တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ နိုဝင်ဘာလ ၁၆ ရက်တွင်ပင် အထူးဒေသ(၁) မုံးကိုးခရိုင် မန်းရန်ဒေသရှိ အင်အား ၈၀ ကျော်ဖြင့် တပ်အပြောင်းအလဲလုပ်နေသည့် စစ်ကောင်စီ၏ တပ်ရင်း (၁၀၉) ယာဉ်တန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ယာဉ်တစ်စီးဖျက်ဆီးခံရပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
.
ယခု လဆန်းပိုင်းတွင်လည်း စစ်ကောင်စီနှင့် MNDAA တပ်တို့ လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ MNDAA ဘက်မှ ၁ ဦး ဒဏ်ရာရရှိ၍ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက စစ်လေယာဉ် ၂ စီးဖြင့် နမ့်ပုံဒေသကို လှည့်ကင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။