.
ကရင်အမျိုးသားအစည်းအရုံး
(KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် KNLA၊ KNDO တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က
ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း
KNU က ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
ညောင်လေးပင်ခရိုင်၊
ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာအုပ်စု၊ ဘောကထာကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်၊ နေ့လယ်ပိုင်းက
စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကယ်ရေးတပ် (KNDO)
တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်
စစ်ကောင်စီတပ်က ပြည်သူလူထုအား ပစ်မှတ်ထားပြီး ကျေးရွာများအတွင်း သို့ လက်နက်ကြီးများဖြင့်
ပစ်ခတ်ခဲ့ရာ မဘီကြီးကျေးရွာရှိ လူနေအိမ် ၃ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဆေးပေးခန်း
၁ ခုတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် နိုဝင်ဘာလ
၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ခမရ (၂၀) တပ်သည် ကျောက်ကြီးမြို့နယ်၊ ပဒဲကော ကျေးရွာအုပ်စု၊
ပဒဲကောကျေးရွာမင်းလမ်းပိုင်းရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်စီးခဲ့သည့်အပြင် ယမန်နေ့
နိုဝင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင်လည်း ဘောကထာကျေးရွာရှိ နေအိမ် ၃ လုံးကို
ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.