.
စစ်ကောင်စီအဖွဲ့နှင့်
စီးပွားရေးသမား ၃ ဦး အပါအဝင် လူပုဂ္ဂိုလ်
၁၉ ဦးကို တိုးချဲ့ပစ်မှတ်ထား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။
.
.
စစ်အာဏာသိမ်းပြီးနောက်
အကြမ်းဖက်မှုများ မြင့်တက်လာပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ
ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပဉ္စမအကြိမ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို အတည်ပြုခဲ့ကြောင်း
EU က ကြေညာ ထားသည်။
.
EU မှ အရေးယူဒဏ်ခတ်မည့်
လူပုဂ္ဂိုလ် ၁၉ ဦး စာရင်းတွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားလွှတ်တော်ချုပ်
တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်နှင့် တပ်မတော် (လေ)မှ
အဆင့်မြင့်အရာရှိများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့်
တပ်မတော်နှင့် အနီးကပ် ဆက်နွယ်ပြီး ချိတ်ဆက်ပံ့ပိုး ပေးလျက်ရှိသည့်
ပုဂ္ဂလိကကုမ္ပဏီများမှ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
.
ထို့အပြင်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေရန်
အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်
တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည့်
စစ်ကောင်စီလည်း အဆိုပါစာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။
.
အရေးယူခံရတဲ့
စီးပွားရေး လုပ်ငန်းရှင် ၃ ဦးအနက် ဦးတေဇနှင့် ဦးနိုင်ထွဋ်အောင်တို့သည် ၂ဝ၁၇ ခုနှစ်
ရိုဟင်ဂျာ နယ်မြေရှင်းလင်းရေးဖြစ်ရပ်တွင် စစ်တပ်ကို ငွေကြေးထောက်ပံ့ခဲ့ကြပြီး
ဦးအောင်မျိုးမြင့်မှာ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
.
စာရင်းသွင်းခံရသူများသည်
ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ခံရပြီး
၎င်းတို့အား ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ
တားဆီးထားသည့်အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန်
စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေရရှိစေခြင်းအား တားမြစ်ထားကြောင်း
ထုတ်ပြန်ချက်တွင် ပါရှိသည်။
.