တောင်ကြီးမြို့ အဝင်ဂိတ်များတွင် COVID-19 ဆေးထိုးလက်မှတ်စစ်ကာ ပိုက်ဆံတောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ အဝင်ဂိတ်များတွင် COVID-19 ဆေးထိုးလက်မှတ်စစ်ကာ ပိုက်ဆံတောင်းနေ

.

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို လူစုလူဝေးဖြင့် ပြုလုပ်ခဲ့ သော်လည်း ယခုအခါ တောင်ကြီးမြို့အဝင်ဂိတ်များတွင် COVID-19 ဆေးထိုးလက်မှတ် စစ်ဆေး၍ ခရီးသွားပြည်သူ များထံမှ ငွေညစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

.

.

စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အဖြစ်သာ ပြုလုပ်ခဲ့ပြီး မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲ၊ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲများကို လူစုလူဝေးဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

.

“ဝါဒဖြန့်တန်ဆောင်တိုင်ပွဲကြတော့ နေရာစုံကလူတွေခေါ်ပြီး လူစုလူဝေးနဲ့ လုပ်ကြတယ်။ သူတို့လုပ်ချင်တာလုပ်ဖို့ ကြတော့ လူဘယ်လောက်များများ ဘာမှမလိုဘူးပေါ့။ အခု အများပြည်သူ သွားလာနေတဲ့လမ်းပေါ်မှာ ကြတော့ ဆေးထိုးကတ် မပါလို့ဆိုပြီး ပိုက်ဆံကောက်စားနေတာတော့ တော်တော်အရှက်မဲ့တဲ့ လုပ်ရပ်လို့ ပြောရလိမ့်မယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

အခြားသောမြို့နယ်များမှသာမက ဒေသတွင်း အေးသာယာ၊ ရွှေညောင်နှင့် အနီးဝန်းကျင် ကျေးရွာများမှ တောင်ကြီးမြို့ ပေါ်သို့ လာရောက်ပါက မှတ်ပုံတင် အပြင် COVID-19 ဆေးထိုးကတ်ပါ ယူဆောင်လာရမည်ဖြစ်ပြီး ဆေးထိုးကတ် မပါရှိပါက မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်များမှ စစ်ကောင်စီလက်အောက်ခံများက ငွေကြေးတောင်းခံ၍ ဖြတ်သန်းခွင့် ပြုနေကြောင်း သိရသည်။

.

တောင်ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်များဖြစ်သည့် ထုံးဖို၊ ပစောက်ကွေ့၊ ပလီလင်း၊ ဟိုပုံးအထွက် ၆ မိုင်စစ်ဆေးရေး ဂိတ်နှင့် မီးပုံးပျံကွင်းအနီး သံလမ်းဂိတ်များတွင် ယင်းကဲ့သို့ COVID-19 ဆေးထိုးလက်မှတ် စစ်ဆေးပြီး ငွေညစ် တောင်းခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ထိုသို့ စစ်ဆေးရေးဂိတ်များတွင် ငွေညစ်တောင်းခံမှုများအပြင် စစ်ကောင်စီတပ်များက သေနတ်ဖြင့် ရမ်းကားပစ်ခတ်မှု များလည်း ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ကံကြီးသံလမ်းစစ်ဆေးရေးဂိတ်တွင် ဖြတ်လမ်းမှ ကျော်မောင်းသွားသည့် ဆိုင်ကယ်စီး အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats