.
ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများတွင်
နေသည့် CDM ဝန်ထမ်းများကို
စိစစ်ဖမ်းဆီးအရေးယူဆောင်ရွက်သွားရန် စစ်ကောင်စီက ဌာနဆိုင်ရာများသို့ ညွှန်ကြားထားကြောင်း
သိရသည်။
.
.
စစ်ကောင်စီတပ်၏ ကက
(ကြည်း)မှ လက်အောက်ခံ တိုင်းစစ်ဌာနများကို ညွှန်ကြားထားမှုအပေါ် တိုင်းစစ်ဌာနချုပ်
များက သက်ဆိုင်ရာ စစ်ကောင်စီ တိုင်းနှင့် ပြည်နယ် အစိုးရများမှတစ်ဆင့် နိုဝင်ဘာလအတွင်းက
အကြောင်းကြား ထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အကြောင်းကြားစာအရ
စစ်ကောင်စီ တိုင်းနှင့်ပြည်နယ် အစိုးရများက သက်ဆိုင်ရာဌာနများသို့ CDM ဝန်ထမ်းများအား ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများတွင်
ဝင်ရောက်နေထိုင်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ရန်နှင့် ဝင်ရောက်နေထိုင်ပါက ဖမ်းဆီးအရေးယူသွားရန်
ညွှန်ကြားထားသည်။
.
“တောင်ကြီးကနေ
တခြားမြို့တွေမှာ သွားရှောင်နေတဲ့ သူတွေတချို့ ဒီရက်ပိုင်း အဆွဲခံရတာတွေ ရှိနေတယ်။
ဖြစ်နိုင်ရင် အဲဒီလိုသွားရှောင်မယ့်အတူတူ Oversea ကိုပဲ သွားစေချင်တယ်။ ဒီနိုင်ငံမှာ လွတ်မြောက်နယ်မြေ
ကလွဲပီး ကျန်နေရာတွေဟာ သူတို့တွေအောက်မှာပဲမလို့ ဘယ်နေရာမှ safe မဖြစ်ပါဘူး” ဟု တိမ်းရှောင်နေသူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
.
စစ်တပ်က အာဏာ
သိမ်းယူပြီးနောက် ကျန်းမာရေးနှင့် ပညာရေး အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများသည်
CDM ပြုလုပ်၍ စစ်အာဏာရှင်ကို
ဆန့်ကျင်နေကြကာ ယင်းအနက် အချို့မှာ ကျဆုံးခဲ့ရသူများ ရှိသကဲ့သို့ ဖမ်းဆီး အကျဉ်းချခံနေရသူများလည်း
ရှိနေသည်။
.