ညောင်ရွှေမြို့နယ်၊ လင်လန်မြောက်ကျေးရွာအုပ်စု၊ အောင်ချမ်းသာရွာမှ
တောင်သူများ ပိုင်ဆိုင်သည့် ပြောင်းစိုက်ခင်း အချို့ မီးရှို့ခံခဲ့ရကြောင်း သိရသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် ပြောင်းစိုက်ခင်းများ
မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်ပြီး မည်သူ မီးလာရှို့သွားသည်ကိုမူ မသိရသေးပေ။
.
“ မီးရှို့ခံရတာ ပြောင်း ၃ ထုပ်စာ ပါသွားတယ်။ အဲနေရာမှာ
ရှိတဲ့သူတွေတော့ ကြွက် လာထောင်တဲ့သူတွေ ရှို့တယ်ပေါ့နော်။ ကျွန်တော်အထင်တော့ ကြွက်ထောင်သူ
မဟုတ်ဘူးပေါ့နော်။ ခြံဘေးမှာ မီးမွေးပြီး စောင့်မကြည့်ရာကနေ လောင်တာလို့တော့ ထင်တယ်။
ပြောင်းသိမ်းချိန်မှာ ခုလို မီးရှို့ခံရတာတော့ စိတ်တိုတာပေါ့နော်။ ဘယ်သူ လာရှို့တာလည်း
မသိတော့ စိတ်မကောင်းဘူး၊ မတတ်နိုင်ဘူးပေါ့။”ဟု ခြံပိုင်ရှင် အမျိုးသား တစ်ဦး က ပြောသည်။
.
ပြောင်းသိမ်း (ရိတ်သိမ်း) သည့် အချိန်တွင် ပြောင်းလက်ကျန်
လိုက် ကောက်သည့်သူများ အနေဖြင့် လိုက် မကောက်သေးရန်နှင့် ပြောင်းသိမ်းချိန် မပြီးမချင်း
မီးမရှို့ကြရန်ကိုလည်း ပြောင်းစိုက်တောင်သူများက ဆန္ဒ ရှိနေကြောင်း သိရသည်။
.
“ ပြောင်းစိုက်စရိတ် ကုန်ကျတာ များတယ်။ အရင်းနှီးလည်း များတော့
အခုလို မီးလာရှို့တာက မကောင်းတဲ့လူပဲ ဖြစ်မယ်။ ဘယ်သူဆိုတာ လိုက်သေးတယ် မသိရဘူး။ အဲဒါကြောင့်
ထုတ် ပြောဖို့ အားမရှိဘူး။” ဟု ၎င်းခြံပိုင်ရှင်က ဆက်လက် ပြောဆိုသည်။
.
ပြောင်းစိုက် တောင်သူများသည် ယခုနှစ်တွင် ပြောင်းဈေးကောင်း
ရရန် မျှော်လင့်နေကြကာ ပြောင်းစိုက်ခင်းများ မီးရှို့ခံရသည့် အခြေအနေ ဖြစ်ပေါ်နေရသည့်
အပြင် ခိုးယူခံရမှုလည်း ရှိနေသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။