တောင်ကြီးတွင် အမျိုးသမီးများ အုပ်စုဖွဲ့၍ လုယက်မှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အမျိုးသမီးများ အုပ်စုဖွဲ့၍ လုယက်မှုများ ပြုလုပ်နေ

တောင်ကြီးမြို့ပေါ်တွင် အမျိုးသမီးများ အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများထံမှ ပစ္စည်း လုယက်မှုများပြုလုပ်နေကြောင်း လုယက်ခံရသူများထံမှ သိရသည်။

.

ယင်း လုယက်မှု ကျူးလွန်နေသော အမျိုးသမီးအဖွဲ့မှာ တောင်ကြီးမြို့ ဒေသခံများ မဟုတ်ဘဲ အခြားသော ဒေသမှ လာရောက်သူများ ဖြစ်ကြောင်း သိရသည်။

.

" အစ်မတွေနဲ့ စျေးဝယ်ဖို့ သွားရင်းနဲ့ လူပြတ်တဲ့ နေရာနား ရောက်တော့ မိန်းမတွေ ၅ ယောက်လောက်ဝိုင်းလာပြီး လုကြတာပါ။ အချိန်က နည်းနည်းမှောင်နေတော့ မျက်နှာတွေတော့ သေချာ မမြင်လိုက်ရဘူးပေါ့။ ဒါပေမယ့် စကားပြောတဲ့ အသံနဲ့ အဝတ်အစားဝတ်ထားပုံကတော့ ဒီ (တောင်ကြီး) က မဟုတ်တာတော့ သေချာတယ်။" ဟု လုယက်ခံရသူ အမျိုးသမီးတစ်ဦး က ပြောသည်။

.



အုပ်စုဖွဲ့ လုယက်မှုကျူးလွန်သူများသည် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များကို အဓိက ပစ်မှတ်ထားပြီး ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနှင့် ဆွဲဖြုတ်ရ လွယ်ကူသည့် လက်ဝတ်ရတနာများကို အလစ်အငိုက် စောင့်၍ လုယက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

၎င်းတို့သည် ညနေ ၅ နာရီ နှင့် ၈ နာရီကြား အချိန်များတွင် လုယက်မှုများကို အများဆုံး ကျူးလွန်တတ်ကြပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားလာခြင်း မပြုရန် လိုအပ်နေကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောဆိုသည်။

.

" ညနေ ၅ နာရီနောက်ပိုင်း မှောင်ရီပျိုးစ အချိန်တွေမှာ သူတို့က လှုပ်ရှားကြတာ။ မလိုအပ်ဘဲ အဖိုးတန်ပစ္စည်းတွေ ယူမသွားဝာာပဲ ကောင်းပါတယ်။ ခုချိန်မှာ ဖြစ်လာရင် ဘယ်သူမှ မကယ်နိုင်ဘူး။ ရဲတို့ တပ်တို့ဆိုတာက နိုင်ငံရေးအမှုနဲ့ ငွေရမယ့်ဟာကိုပဲ လိုက် လုပ်နေတာ။ ဒါတွေကို စိတ်မဝင်စားဘူး။" ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့သည် မြို့ဧရိယာ ကျဉ်းသော်လည်း ပြည်နယ်မြို့တော် ဖြစ်သည့်အလျောက် ပြည်နယ်အဆင့်ရုံးစိုက်ရာ မြို့ ဖြစ်ပြီး စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း/တပ်ဖွဲ့ ၁၀ ခုထက်မနည်းနှင့် ရဲပြည်နယ်ရုံး အပါအဝင် စခန်းများလည်း အခြေစိုက်သည့် မြို့ ဖြစ်သည်။

Journal Download

Photo of three cats