" လုံခြုံမှု မရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့" ဟု ယမန်နေ့ နိုဝင်ဘာလ ၁ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီ အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) ၌ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုခဲ့ကြောင်း သိရသည်။
.
" တိုင်းပြည် သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်း လိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်း လိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှု မရှိလို့ရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ " ဟု အာဏာသိမ်း ခေါင်းဆောင်က ပြောသည်။
.
အာဏာသိမ်း ခေါင်းဆောင်၏ ပြောဆိုမှုမှာ တောင်ကြီးမြို့ အပါအဝင် တစ်နိုင်ငံလုံးတွင် ခိုးဆိုးနှိုက်မှုအများအပြား ဖြစ်ပေါ်နေချိန်တွင် ပြောဆိုခြင်း ဖြစ်၍ ပြည်သူများက လှောင်ပြောင်ဝေဖန်ကြသည်။
.
" မနေ့ညကပဲ တောင်ကြီးအုပ်ချုပ်ရေးမှူးအိမ် အနုကြမ်း စီးခံရတာ၊ ရယ်စရာ ဖြစ်တာပေါ့နော်။ အစည်းအဝေးမှာ စီးပွားရေးကို အဓိကထား ပြောသွားတာတွေ့ရတယ်။ အနှစ် ပြန်ချုပ်လိုက်ရင် သူတို့ လုပ်ဆောင်ချက်က တလွဲတွေ ဖြစ်နေတာရယ်၊ အပေါ်/အောက် ချိတ်ဆက်မှု မရှိဘဲနဲ့ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူးဆိုတာရယ်ကို ပြောလိုက်သလိုမျိုးပဲ။" ဟု တောင်ကြီးမြို့နေ အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။
.
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် မြန်မာ တစ်နိုင်ငံလုံးတွင် ခိုးဆိုးနှိုက်မှုများ များပြားလာကာ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘဲဖြစ်နေသော်လည်း စစ်ကောင်စီသည် မသိကျိုးကျွံပြု၍ ၎င်းတို့ အကျိုးစီးပွားအတွက်ကိုသာ ဦးတည်ဆောင်ရွက်နေလျက် ရှိသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။