အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခု နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ရှမ်းတောင်နှင့် ကရင်နီ (ကယား)ပြည်နယ်မှ အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံး၍ ၂၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
.
လွိုင်ကော်မြို့နယ်မှ ၁၂ ဦး၊ ဖယ်ခုံမြို့နယ်မှ ၈ ဦး၊ ဒီးမော့ဆိုမြို့နယ်မှ ၈ ဦး၊ စုစုပေါင်း ၂၈ ဦး စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ ဒီးမော့ဆိုမြို့နယ်မှ ၅ နှစ်အရွယ် ကလေးငယ် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူပိုင်နေအိမ် လွိုင်ကော်မြို့နယ်တွင် ၂၈ လုံး၊ ဒီးမော့ဆိုမြို့နယ်တွင် ၁၃ လုံး၊ ဖရူဆိုမြို့နယ်တွင် ၃ လုံး၊ ဖယ်ခုံမြို့နယ်တွင် ၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။
.
စစ်ကောင်စီတပ်များသည် စစ်မြေပြင်၌ တော်လှန်ရေး တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အထိနာလျက်ရှိပြီး စစ်အရေးအရ အသာစီးမရတော့သဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်ရှောင်စခန်းများ၊ ရပ်ကွက်ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။
.
စစ်ကောင်စီသည် ၄င်းတို့ ထိန်းချုပ်ထားသော လွိုင်ကော်မြို့ဧရိယာနှင့် စစ်တန်းလျား အခိုင်အမာရှိသော မြို့အချို့ မှ လွဲ၍ ကရင်နီပြည်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော တိုင်းရင်းသား ပြည်သူများအား ရန်သူများအဖြစ် သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးသုန်းသတ်ဖြတ်မှု မြောက်သည်ဟုလည်း ဆိုသည်။
.
ပြည်သူများ၏ အသက်ရှင် ရပ်တည်မှုနှင့် ဖြစ်တည်မှုကို ခြိမ်းခြောက်နေသော စစ်ကောင်စီတပ်ကို အစွမ်းကုန် တုန့်ပြန်ခြေမှုန်းသွားမည် ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။