ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးကာ ပြည်သူ ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ငွေတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း (၁၀၂) မှ ရည်ရွယ်ချက်ရှိရှိ ၁၂၀ မမဖြင့် ၉ ကြိမ်ထက် မနည်း ပစ်ခတ်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း တစ်နေရာသို့ လက်နက်ကြီးကျည် ၅ လုံးကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၉ ဦးခန့် နေထိုင်သော နေအိမ်တစ်လုံးကို ထိမှန်ကာ ၅ နှစ်သားအရွယ် ကလေးတစ်ဦး နေရာတွင် သေဆုံးခဲ့ရပြီး ကျန်မိသားစုဝင် ၈ ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ စစ်ရှောင်ပြည်သူများ နေထိုင်လျက်ရှိသည့် ဘာသာရေးအဆောက်အဦ အပါအဝင် နေအိမ်အချို့လည်း လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးမှုများရှိခဲ့သည်၊၊
.
အာဏာသိမ်း စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီးများဖြင့် ဘာသာရေးအဆောက်အဦ၊ စစ်ရှောင်စခန်း၊ ပြည်သူများရှိရာ ရပ်ကွက်/ကျေးရွာများအား မကြာခဏ ပစ်မှတ်ထား ပစ်ခတ်မှု ပြုလုပ်နေသည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။