မြဝတီ သေ့ဘော့ဘိုးကျေးရွာ အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီ သေ့ဘော့ဘိုးကျေးရွာ အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြား



စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များသည် မြဝတီ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ‌ကြိုးစားလာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်၊ ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

.

ပူးပေါင်းတပ်ဖွဲ့များတွင် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်းက ယနေ့တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်သည် မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီးတွင် နည်းဗျူဟာ (၄၄၁) အခြေစိုက်ကာ အမြောက်တပ်ဖွဲ့ အမတ(၄၀၂)၊ ဒုန်းတပ်ရင်း ဒတရ (၆၀၈) တို့က (၁၂၀) မမ လက်နက်ကြီးများ၊ (၁၂၂) မမ အလုံး (၄၀) အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ကူပေး ပစ်ခတ်ခဲ့သည်။

.

ယင်း စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်ဖွဲ့က ခုခံခြေမှုန်းရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးခဲ့‌ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ဘေးကင်းလုံခြုံခဲ့ပြီး ထိခိုက်၊ ဒဏ်ရာ မရရှိခဲ့ဟု ကော်ဘရာစစ်ကြောင်းက ‌ဆိုသည်။

.

ထို့အတူ စစ်ကောင်စီတပ်ထံမှ ၅.၅၆ (ကပစ)ကျည် ၃၇၀ တောင့်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၃ တောင့်၊ ၎င်းပို့ယမ်းတောင့် ၃ တောင့်၊ ၅.၅၆ ကျည်အိမ် ၈ ခု၊ MA - 2 ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ စစ်သုံးမြေပုံ ၁ ချပ်နှင့် အခြား အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး အခြား အရာရှိနှင့် အခြားအဆင့်များ ၁၀ ဦးထက် မနည်း ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိကြောင်း ကနဦး သိရသော်လည်း အရေအတွက် အတိအကျအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

.

ထို့အပြင် လေ့ကေ့ကော်မြို့သစ်အနီး လုံ‌ခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၁ဦး သေဆုံးကြောင်း သိရသည်။

.

ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ ၁၁ နာရီခွဲခန့်တွင် လူခို့၊ ညောင်ချောင်းအနီး၌ စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats