စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီး (၄၀မမ) ဖြင့် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၆ နာရီခွဲတွင် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်ကြီး၊ တောင်တခြမ်းရပ်ကွက်မှ ကလေးငယ် ၂ ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
.
လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေအိမ်မှာ တောင်တခြမ်းရပ်ကွက်ရှိ ဦးကျော်တင့်၏ နေအိမ် ဖြစ်ပြီး ဦးကျော်တင့်၏ ၈ နှစ်အရွယ် သားဖြစ်သူ မောင်မြင့်မြတ် နှင့် တူ ဖြစ်သူ မောင်သန့်ဇင် တို့ကို လက်နက်ကြီးစ ထိမှန်ခဲ့ခြင်း ဖြစ်ကာ မောင်သန့်ဇင်၏ ဒဏ်ရာမှာ ပြင်းထန်၍ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု KNU က ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
.
" ရဲစခန်းက လက်နက်ကြီးပစ်တာ ရပ်ကွက်ထဲကအိမ်ပေါ် ကျပြီး ထမင်းစားနေကြတဲ့ ကလေး ၂ ယောက် ဒဏ်ရာ ရတယ်။ တစ်ယောက်ကတော့ စိုးရိမ်ရတယ်၊ မပေါက်ကွဲတဲ့ (၄၀ မမ) ကျည်ဆံတစ်လုံးလည်း လူနေအိမ်နား ကျတယ်။" ဟု အမည် မ ဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
.
သိပ်ဇရပ်ရဲစခန်းသည် လက်နက်ငယ်များဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ရှိပြီး အရပ်သားပြည်သူများကို မတရားဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ရဲစခန်းအနီးရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟုလည်း သိရသည်။