ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိစံပြကျေးရွာ၌ မြေဂရမ် ပြုလုပ်ပေးမည်ဟု ဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ကောက်ခံနေကြောင်း သိရသည်။
.
ယင်းကဲ့သို့ ငွေကောက်ခံရာတွင် အမွေခွဲသည့် မြေ၊ စာချုပ်မရှိသည့် မြေများ ဖြစ်ပါက ငွေ ပို ပေးရသည်ဟု သိရသည်။
.
" တစ်အိမ်ကို ၁၂၀၀၀၀ လိုက် ကောက်နေပါတယ်။ အမွေခွဲမြေ ဆိုရင် ၁၇၀၀၀၀၊ စာချုပ်ပျောက် (မရှိ) ရင် ၁၅၀၀၀၀ တောင်းတယ်။ မရှိတဲ့သူဆို ချေးငှားပြီး ပေးရတယ်။ ပါဝါအာဏာ ရှိတဲ့သူတွေကြရင်တော့ မတောင်းဘူး။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ မြေဂရမ်လုပ်ဆောင်မှုမှာ စီမံချက်အရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည ဒေသခံများထံမှ သိရသည်။
.
" စီမီချက်တော့ ရှိတယ်၊ ပိုက်ဆံ မကောက်ခိုင်းပါဘူးတဲ့။ ငွေ လိုက်ကောက်ပေးတဲ့ ဆယ်အိမ်မှူး တွေကို တစ်ရက် ၁၀၀၀၀ ပေးပါတယ်။ ငွေရ ဖြတ်ပိုင်းတောင်းတော့ မရှိဘူးတဲ့၊ သူကြီးခိုင်းလို့ လုပ်တာတဲ့" ဟု ဒေသခံ တစ်ဦးက ဆိုသည်။
.
အဆိုပါ ဇောတိစံပြကျေးရွာ၌ အိမ်ခြေ ၅၀၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။