မြို့တော်တောင်ကြီး၌ အာဏာသိမ်း စစ်ကောင်စီက ဦးဆောင် ပြုလုပ်မည့် ဝါဒဖြန့်တန်ဆောင်တိုင် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ငွေပေး၍ ခေါ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
.
ဝါဒဖြန့် တောင်ကြီးတန်ဆောင်တိုင်ကို နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိ ညမီးကြီး (မီးကျည်) မပါဘဲ နေ့လွှတ် (အရုပ်) ပြိုင်ပွဲဖြင့်သာ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
" စစ်တပ် လုပ်တဲ့ မီးပုံးပျံပွဲ ဖွင့်/ပိတ်ပွဲ အတွက် လူလိုက်ခေါ်နေတာပါ။ တစ်ရက် တစ်သောင်းနဲ့ လိုက်ခေါ်နေတာ၊ မီးပုံးကိုင်ပြီး လမ်းလျှောက်ဖို့အတွက်လို့ပြောပါတယ်။ " ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
.
အာဏာသိမ်း စစ်ကောင်စီက ဦးစီး ကျင်းပမည့် မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအဖွဲ့ အလွန် နည်းပါးသောကြောင့် တစ်ရပ်ကွက်လျှင် နေ့လွှတ်မီးပုံးပျံ အရုပ် တစ်ရုပ် (သို့မဟုတ်) အုပ်စုတစ်စု လွှတ်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ခိုင်းစေထားကြောင်းလည်း သိရသည်။
.
" ပုံမှန် နှစ်တွေမှာက ညလွှတ်မီးပုံးပျံကို မီးအဖွဲ့ (မီးပုံးပျံ) ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြတာ။ ခုက နေ့လွှတ်အရုပ်ပဲကိုတောင် ဘယ်သူမှ မပြိုင်ကြဘူး။ ပြိုင်တဲ့သူတော့ ရှိတာပေါ့လေ။ ရိုးရာ ပျက်မှာ စိုးရိမ်လို့ မလွှတ်ချင်ကြတာ။ ခုက အမိန့်နဲ့ လုပ်ခိုင်းနေတာ။ ရိုးရာကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်တာမျိုးတော့ မလုပ်စေချင်ဘူး။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ပြိုင်ပွဲအတွက် ခြေနှစ်ချောင်း နှင့် ခြေလေးချောင်း ၂ မျိုးကို ဆုချီးမြှင့်ရန် မက်လုံးပေးထားပြီး ပထမဆုကို ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ၅ သိန်း၊ တတိယဆုကို ၃ သိန်း၊ နှစ်သိမ့်ဆု ၅ ဆုကို တစ်ဆုလျှင် ၂ သိန်းနှုန်း ပေးမည်ဟု ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း က ကြေညာထားသည်။
.
" အဓမ္မ ခိုင်းလို့ လုပ်ရတာဗျာ။ မလုပ်ချင်ဘူး၊ ကျုပ်တို့က တောင်ကြီးသားတွေ၊ ဒီပွဲကို မလုပ်စေချင်ဘူး ဆိုတဲ့သူတွေထက်ကို ပိုလို့တောင် မလုပ်ချင်ဘူး။ မလုပ်ရင် ဘာဖြစ်မလဲ၊ အကြောင်းရှာ ဖမ်းမှာပေါ့။ အဲတော့ လုပ်လိုက်ရတယ်။ ပွဲ မဖြစ်လေ ကောင်းလေပဲ၊ ကျုပ်တို့ရိုးရာသမိုင်း မရိုင်းချင်ဘူး၊ ဒါလောက်ပါပဲ။" ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
.
ဝါဒဖြန့် တောင်ကြီးတန်ဆိုင်တောင်ပွဲတွင် မီးပုံးပျံ (နေ့လွှတ်) ပြိုင်ပွဲသာမက မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ ၊ စိန်နားပန်အလှမီးလွှတ်တင်ပူဇော်ပွဲကို စူဠာမုနိဘုရားရင်ပြင်တွင် ပြုလုပ်သွားမည် ဖြစ်ကာ အဝေရာမီးပုံးပျံကွင်း၌ မီးပုံးပျံငယ်များ လွှတ်တင်ခြင်း၊ စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်း နှင့် ရိုးရာစျေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဟုလည်း စည်းရုံးထားသည်ကို တွေ့ရသည်။
.
တောင်ကြီးမြို့ခံ အများစုကမူ စစ်ကောင်စီ၏ ဝါဒဖြန့် တန်ဆောင်တိုင်ပွဲကို ကန့်ကွက်ကြောင်းနှင့် သွားရောက်မည် မဟုတ်ကြောင်း ပြောဆိုနေကြပြီး အခြားဒေသများမှ ပြည်သူများအနေဖြင့်လည်း ဝါဒဖြန့်ပွဲကို လာရောက်ခြင်း မပြုရန် ပြောဆိုနေကြသည်။