.
ကရင်နီ (ကယား) ပြည်နယ်၊
လွိုင်ကော်မြို့တွင် တော်လှန်ရေးအတွက် ဟုဆိုကာ လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကျပ် သိန်းရာချီကို
အဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး
တပ် (KNDF) က သတင်းထုတ်ပြန်ထားသည်။
.
.
ခြိမ်းခြောက် ငွေတောင်းခံသည့်
အဖွဲ့အစည်းသည် ယနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် ငွေပေးပို့ရန် ချိန်းဆို ထားသည့်အတွက် ယင်းနေရာသို့
KNDF ဗဟိုအဆင့် တာဝန်ရှိသူများ၊
ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ (ITF) မှ အရာရှိများ၊ နယ်မြေခံတပ်မှူးများမှ
ကြိုတင်စောင့်ဆိုင်း၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ငွေကြေးတောင်းခံသူ များက အလျင်အမြန်
လှည့်ပြေးသွားသည့်အတွက် ဖမ်းဆီးရမိခဲ့ခြင်း မရှိသော်လည်း ထိုသူများမှာ မည်သူမည်ဝါ၊
မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို မျက်မြင်သက်သေ ရရှိခဲ့ကြောင်း KNDF က ဆိုသည်။
.
ယခင်ကလည်း အလားတူ ဖမ်းဆီးငွေညစ်
တောင်းခံမှုများနှင့် ပတ်သက်၍ တိုင်ကြားစာများကို KNDF မှ လက်ခံရရှိခဲ့ ဖူးပြီး ငွေတောင်းခံသူများကို ဖမ်းဆီးခြင်းများ၊
မျက်မြင်သက်သေရယူခြင်းများ ပြုလုပ်ခဲ့ရပြီး ဒေသတွင်း အခြေပြုသည့် အင်အားစုများဖြစ်သောကြောင့်
ငွေကြေးကို ပိုင်ရှင်ထံ ပြန်ပေးစေခြင်းနှင့် အခြားနည်းလမ်းဖြင့် ထိန်းကျောင်းခြင်းများ
ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။
.
တော်လှန်ရေးအင်အားစုများအနေဖြင့်
လိုအပ်ချက်များရှိမည်ဖြစ်သော်လည်း ယခုကဲ့သို့ အမည်ကိုပင် မဖော်ပြရဲဘဲ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို
KNDF အနေဖြင့် အားမပေးကြောင်း၊
ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး လုံခြုံမှု ကင်းမဲ့သော ဘဝကို စစ်ကောင်စီနည်းတူ
တော်လှန်ရေးအင်အားစုများက မဖန်တီးသင့်ကြောင်းနှင့် ပြည်သူကို ပွင့်လင်းမြင်သာစွာ အကူအညီတောင်းခံပြီး
ကြည်ဖြူစွာ လှူဒါန်းပေးလာသည့် အကူအညီကိုသာ ရယူကြရန် မေတ္တာရန်ခံလိုကြောင်း
KNDF က ဆိုသည်။
.
ထို့အပြည် ပြည်သူများအနေဖြင့်
အဓမ္မခြိမ်းခြောက်ငွေညစ်ခြင်းများကြုံရပါက မပေးဆောင်ဘဲ လိုအပ်ပါက မိမိတို့ KNDF
ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ခြိမ်းခြောက်ငွေညစ်သူသည်
မိမိတို့ KNDF တပ်ဖွဲ့ဝင်
ဖြစ်ပါက စစ်ဘက် ဆိုင်ရာအက်ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
KNDF က ထုတ်ပြန်ထားသည်။
.