ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သို့ ကရင်နီ (ကယား)ပြည်နယ်ဘက်မှ တစ်ပတ်အတွင်း စစ်ဘေးရှောင်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
.
အသစ် ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများမှာ ကုန်းဆွတ်ရွာ၊ သပြေကုန်းရွာ၊ ကျောက်ကြီးရွာ၊ လွိုင်လင်လေး အရှေ့ဘက်ခြမ်းရွာစသည့် ရွာပေါင်းစုံမှ ဒေသခံ ပြည်သူများ ဖြစ်သည်ဟု သိရသည်။
.
" အဓိကတော့ စားနပ်ရိက္ခာ လိုတယ်။ အခု အသစ်ရောက်လာတဲ့သူကြတော့ မိုးကာတို့၊ ရေတို့၊ အိပ်ယာခင်း စောင်တို့၊ စားနပ်ရိက္ခာတွေ လိုတယ်။ ကျန်းမာရေးအတွက်လည်း ဆေးဝါးတွေ လိုပါတယ်။" ဟု စစ်ဘေးရှောင်များအား ကူညီနေသူ တစ်ဦးက ပြောသည်။
.
ဆီဆိုင်မြို့နယ်အတွင်း၌ စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ဦးကျော်ခန့် ရှိနေကာ ၎င်းတို့သည် ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများ၌ အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ ဖြစ်ကြောင်း သိရသည်။
.
စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေးအတွက် အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် သက်ဆိုင်ရာ စစ်ရှောင်ကူညီစောင့်ရှောက်ရေး အဖွဲ့များထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် အတူ နှစ်ဘက် တိုက်ပွဲများကြောင့် ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်နေကြရသူ စုစုပေါင်း ၂ သိန်းကျော်ထိ ရှိနေသည်။