အာဏာ သိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် မြန်မာ့အရေးကို ဖြေရှင်းရေး ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ရန်အတွက် တိကျသော အချိန် ကန့်သတ်ချက်ချမှတ်ရန် အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
.
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး၌ မြန်မာ့အရေးအတွက် အချက် ၁၅ ချက် ပါသောကြေညာချက် သီးသန့်ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပါရှိခြင်း ဖြစ်သည်။
.
ယင်းကြေညာချက်တွင် အာဆီယံ အနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ကိုင်စွဲသွားမည်ဟု ထပ်လောင်းအတည်ပြုထားသည်ကို တွေ့ရသည်။
.
စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင် ပါဝင် သဘောတူညီခဲ့သော ၅ ချက်ကို အချိန် ၁၈ လကျော်လာသည်အထိ အကောင်အထည်ဖော်သည်ကို မတွေ့ရခြင်းကြောင့် အကောင်အထည် ဖော်ရေးအတွက် ခိုင်မာ၊ လက်တွေ့ကျပြီး တိုင်းတာနိုင်သည် ရလဒ်များ ထွက်ရန် အချိန်သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရမည့် အစီအစဉ် လိုအပ်နေသည်ဟု အာဆီယံခေါင်းဆောင်များကက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီဘက်က ကိုယ်စားပြု တက်ရောက်နေခြင်းများကို အခြေအနေအရ လိုအပ်လာရင် ပြန်လည် သုံးသပ်မည်ဟုလည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ကမူ အဆိုပါ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည် မဟုတ်ဘဲ ပယ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။