မြို့တော်တောင်ကြီး၌ ယခုရက်ပိုင်းအတွင်း နေအိမ်အတွင်းထိ ဝင်ရောက်၍ မော်တော်ဆိုင်ကယ် ခိုးယူမှုများ မကြာခဏ ဖြစ်ပွားလာနေကြောင်း သိရသည်။
.
ခိုးယူသူများသည် အသွင်ပုံစံ အမျိုးမျိုးဖြင့် မြို့အတွင်း လှည့်လည်သွားလာကာ ပိုင်ရှင်များ အလစ်အငိုက်တွင် နေအိမ်အတွင်းပိုင်းအထိ ဝင်ရောက်ကာ ခိုးယူနေကြခြင်း ဖြစ်သည်။
.
" သူခိုးတွေက ပုံစံမျိုးစုံနဲ့ မြို့ထဲ လျှောက်သွားနေကြတာ။ ဘာကိုမှ မယုံရတဲ့အတွက် အိမ်တံခါးတွေကို သော့ သေချာခတ်ပြီး ပစ္စည်းတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထဲမှာ ထားတဲ့ ပစ္စည်းတောင် စိတ်မချရတော့ဘူး။" ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။
.
ယခင်က လမ်းပေါ်နှင့် အဆောက်အဦ ဝန်းကျင်၌ ရပ်ထားသည့် မော်တော်ဆိုင်ကယ်များသာ မကြာခဏ ခိုးယူခံရသော်လည်း ယခုတွင် နေအိမ်အတွင်းထိ ဝင်ရောက် ခိုးယူခံရမှုများ ရှိလာနေခြင်း ဖြစ်ကြောင သိရသည်။
.
လာမည့် ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ဝါဒဖြန့် တန်ဆောင်တိုင်ပွဲနှင့် စျေးရောင်းပွဲများ ပြုလုပ်မည် ဖြစ်၍ ခိုးယူ ခံရမှုများ၊ ဖောက်ထွင်းမှုများ ပိုမို များပြားလာနိုင်သည်ဟု မြို့ခံများက ဆိုသည်။
.
" တန်ဆောင်တိုင် က လာတော့မယ်။ ဝါဒဖြန့်တန်ဆောင်တိုင်ဆိုဝောာ့ မသွားတဲ့သူ များမှာ မှန်ပေမယ့် သွားတဲ့သူလည်း ရှိမှာပဲလေ။ အဲတော့ ခိုးဆိုးနှိုက်တွေအတွက် အခွင့်ကောင်းပေါ့။ နောက်တစ်ချက်က လောင်းကစားဝိုင်းတွေကလည်း ရှိသေးတော့ သတိထားကြဖို့ပါပဲ။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် စျေးဆိုင်ခန်းများဖောက်ထွင်း ခိုးယူခံရခြင်း၊ မော်တော်ဆိုင်ကယ် ခိုးယူခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို စစ်ကောင်စီ လက်အောက်ခံများက ဖမ်းဆီးခြင်း မပြုဘဲ မသိကျိုးကျွံပြုနေသဖြင့် ခိုးယူသူများသည် အတင့်ရဲစွာ ကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။