တောင်ကြီး စီးပွားရေးဘဏ်အနီးနှင့် တရားရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်များ ခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး စီးပွားရေးဘဏ်အနီးနှင့် တရားရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်များ ခိုးယူခံရ

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် (အစိုးရဘဏ်) အနီးတွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးနှင့် တရားရုံးရှေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်များ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်သူများသည် မော်တော်ဆိုင်ကယ်များအား ဘဏ်ရှေ့ မျက်နှာစာလမ်းမဘေးနှင့် ဘဏ်တောင်ဘက် လမ်းကြားတွင် ရပ်ထားခဲ့ရပြီး စောင့်ကြည့်ပေးမည်သူ မရှိသည့်အတွက် ခိုးယူသူများမှ လမ်းသွား လမ်းလာ အလစ်အငိုက်ကို စောင့်ကြည့်၍ စိတ်ကြိုက်ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။

.

“အလုပ်ကိစ္စနဲ့အစိုးရဘဏ်ကိုသွားတာပါ။ ဆိုင်ကယ်ကိုတော့ ဘဏ်ရှေ့မှာ ဇက်သော့ခတ်ပြီး ရပ်ထားခဲ့တာပေါ့။ ပြန်ထွက်လာတော့ ဆိုင်ကယ်က မရှိတော့ဘူး။ အချိန်ခဏလေး အတွင်းမှာကို အခိုးခံလိုက်ရတာပါ” ဟု မြန်မာ့စီးပွားရေးဘဏ် အနီး ဆိုင်ကယ်ခိုးယူခံရသူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် စစ်ကောင်စီတပ်သားများ အချိန်ပြည့်လုံခြုံရေး ယူထားသည့် အပြင် ဘဏ်အနီးတွင်လည်း မြို့မရဲစခန်း တည်ရှိနေသော်လည်း ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေသည်မှာ ပြည်သူလူထု လုံခြုံရေးအတွက် စိုးရိမ်ဖွယ် ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

အလားတူ ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်ခန့်ကလည်း တောင်ကြီးမြို့ရှိ တရားရုံးရှေ့တွင် ရပ်ထားသည့် အမှုသည်တစ်ဦး၏ ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

“ကျွန်တော့်ညီကိစ္စနဲ့ တရားရုံးကိုလာတာပါ။ ဆိုင်ကယ်က ရုံးရှေ့မှာပဲ ရပ်ထားခဲ့တာ။ ပြန်ထွက်လာတော့ မရှိတော့ဘူး။ အခိုးခံလိုက်ရတာပေါ့။ ဒီလိုနေရာမျိုးမှာတောင် ခိုးနေကြတာဆိုတော့ တော်တော်ကြီးကိုဆိုးနေပါပြီ” ဟု ဆိုင်ကယ် ခိုးယူခံရသူက ပြောသည်။

.

တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ် ခိုးယူခံရမှု၊ လက်ကိုင်ဖုန်း လုယက်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေ သော်လည်း ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်းမရှိသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း မြို့ခံများက ပြေဆိုကြသည်။

.

Journal Download

Photo of three cats