တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲ ပြုလုပ်မည်


တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ယခု နိုဝင်ဘာလမှ စတင်၍ အစားထိုး ခန့်အပ်၍ အပြောင်းအလဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

မြို့ပေါ် ၂၂ ရပ်ကွက် အနက် ၅ ရပ်ကွက်ကို ပထမအကြိမ်အနေဖြင့် အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

.

“ သစ်တော၊ ဘုရားဖြူ၊ ကန်အောက်၊ ရေအေးကွင်း၊ စဝ်စံထွန်း ရပ်ကွက်အုပ်ကြီးတွေကို ပထမအကြိမ် အနေနဲ့ ပြောင်းလဲမှာပါ။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာလို့ မြင်ပါတယ်။” ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပြောင်းအလဲ ပြုလုပ်မည့် ရပ်ကွက်များအနက် စဝ်စံထွန်း၊ ဘုရားဖြူနှင့် သစ်တောရပ်ကွက်များမှာ စစ်တပ် အခြေစိုက်သည့် ရပ်ကွက်များ ဖြစ်သည်။

.

“ တပ်မဲရုံ၊ အထူးသဖြင့် တပ်မိသားစုဝင်တွေ မဲပေးကြတဲ့ ရပ်ကွက်တွေပေါ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက တပ်မဲရုံတွေမှာ ရှုံးခဲ့တာကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သတင်းမှာ ပါလာရင်တော့ အပြောင်းအလဲ ဖြစ်သွားနိုင်သေးတယ်။” ဟု သတင်းရင်းမြစ် က ဆိုသည်။

.

သတင်းမီဒီယာများတွင် ဖော်ပြလာသည့် အကြောင်းအရာများကို စစ်ကောင်စီက ပြောင်းပြန် ပြုလုပ်လေ့ ရှိသည့်အတွက် ယင်း အစီအစဉ်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည်ဟု ၎င်းက ရှင်းပြသည်။

.

ထို့အတူ အထွေထွေအုပ်ချုပ်ရေး အပါအဝင် ဌာနဆိုင်ရာများတွင် အရေးကြီးတာဝန်များကို တပ်မိသားစုဝင် သို့မဟုတ် ၎င်းတို့ ယုံကြည် စိတ်ချရသူသည့် ဝန်ထမ်းများဖြင့် အစားထိုး ခန့်အပ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

“ တပ်က သူတို့ လုပ်စရာ ရှိတာကို ပုံမှန်အတိုင်း လုပ်နေတာ။ သတင်း မပေါက်ကြားအောင် တော်တော်ထိန်းတယ်။ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း လုပ်မယ်ဆိုရင် သူတို့ မနိုင်ဘူးဆိုတာ သိတယ်။ နိုင်အောင်လို့ မရ ရတဲ့နည်းနဲ့ လုပ်မှာပဲ။” ဟု သတင်းရင်းမြစ် တစ်ဦးကလည်း ပြောသည်။

.

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့နယ်၌ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၂၅၄ ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ ၃၂၄၉၁၃ ဦး ရှိပြီး မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီက အနိုင် ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats